ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းနှင့်သုမင်္ဂလာလမ်းထောင့် ကေတုမာလာကွေ့ မြို့နယ်လျှပ်စစ်ရုံး (မီတာရုံး)အနီး ယမန်နေ့ (အောက်တိုဘာ ၁)ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများကပြောသည်။
“ည ၉ နာရီလောက်က ကေတုမာလာကွေ့နားမှာ ဗုံးပေါက်သံ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ မီတာရုံးနားမှာ ဗုံးပေါက်တာလို့တော့ ပြောကြတယ်။ ရဲကား၊ စစ်ကားတွေ အများကြီး သုမင်္ဂလာလမ်းဘက်ကို သွားနေတာတော့ တွေ့လိုက်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းပေါ်တို့တွင် စစ်ကားနှစ်စီးလမ်းပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပါ။
အဆိုပါ တောင်ဥက္ကလာပမြို့နယ် မီတာရုံးသည် ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီနှင့် သြဂုတ်လအတွင်းကလည်း နှစ်ကြိမ်ခန့် ဗုံးပေါက်ကွဲခဲ့သေးသည်။
ထို့အပြင် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ် အစပ်တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲသံကိုကြားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာသွားကြောင်း ပြည်သူအချို့ကပြောသည်။အလားတူ ရွှေပြည်သာမြို့နယ်တွင်လည်းယမန်နေ့ညက ပေါက်ကွဲသံကြားကြောင်း ဒေသခံ ပြည်သူအချို့ကပြောသည်။

Public Service Announcement
ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။
