စစ်ကောင်စီက ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားသုံးဦးဒဏ်ရာရ
ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းကုန်းကို ကချင်လွတ်မြောက်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရာ စစ်ကောင်စီက ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရရှ်ိခဲ့သည်။
ဆိုင်းတောင် ရဲစခန်းကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့(စက်တင်ဘာ ၃၀ရက်) ည ၁၀နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ရဲစခန်းဘက်ကနေ သေနတ်သံတွေထွက်လာပြီး မကြာခင်မှာပဲ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ထုတာ။စန်းသီတာကုန်းက နေအိမ်တစ်လုံးပေါ် ကျပြီးပေါက်ကွဲတာ။ အိမ်ထဲက လူသုံးယောက်ဒဏ်ရာရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသ၌ KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုခံရသော စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် မတ်လ ၁၈ရက်က ဖားကန့်မြို့၊ လုံးခင်းကျေးရွာအနီးလမ်းဆုံတွင် စစ်ကောင်စီနှင့်ရဲကားကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ရဲသုံးဦး သေဆုံးခဲ့သည်။

Public Service Announcement
ယင်းနေ့ ညနေတွင်ပင် တိုက်ခိုက်ခံရသည့်နေရာအနီး လူနေအိမ်များထဲက စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားခြောက်ဦး သေဆုံးခဲ့သည်။ ထို့အပြင် လူနေအိမ်အများအပြားကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။
