▪︎“ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ တရုတ်က ဘယ်လိုရပ်တည်မလဲဆိုတာ ခန့်မှန်းရတော်တော်ခက်ပါတယ်”-ဝါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာ
ထားအိ/People’s Spring
မြန်မာပြည်သူများက စစ်ဆေးမည့်သံတမန်ရေးစာမေးပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြေဆိုရမည့် အချိန်ကာလသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ အထူးသဖြင့် Credentials Committee ဟုခေါ်သည့် သံအမတ်စိစစ်ခန့်အပ်သူများ(နိုင်ငံများ) ဖြေဆိုရမည့် စာမေးပွဲလည်းဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံအများစုမှာ ၎င်းတို့၏ သံအမတ်ခန့်အပ်ရေးအတွက် အငြင်းပွားဖွယ်မရှိဘဲ အနည်းငယ်သော နိုင်ငံများသာ ကုလသမဂ္ဂတွင် ၎င်းတို့ သက်ဆိုင်ရာ နိုင်ငံအတွက် ကိုယ်စားပြုခွင့်၊ သံအမတ်နေရာအတွက် အငြင်းပွားနေခြင်းဖြစ်သည်။ ယင်းအနည်းငယ်သော နိုင်ငံများတွင် စစ်တပ်အာဏာသိမ်းထားသော မြန်မာနိုင်ငံပါဝင်နေသည်။

အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံကိုယ်စားပြုခွင့် ရရှိရန် ၂၀၂၁ အာဏာသိမ်းပြီးကတည်းကကြိုးစားခဲ့သည်။ သို့သော် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ခန့်အပ်ထားခဲ့သော သံအမတ်ကြီးဦးကျော်မိုးထွန်းက လက်သုံးချောင်း ထောင်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂ၌ ပြသရင်း မြန်မာပြည်သူများကို မျက်နှာမူခဲ့သည်။စစ်ကောင်စီကစစ်သံမှူး အောင်သူရိန် ကို အမည်စာရင်းတင်သွင်းခဲ့သည်။
သိူ့သော် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဖွဲ့စည်းပေးသည့် Credentials Committee က ယှဥ်ပြိုင်တင်သွင်းသူ နှစ်ဖက်စလုံးကို မည်သူ့ကိုမျှ အနိုင်မပေးဘဲ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခြင်းဖြင့် အရပ်သားအစိုးရလက်ထက်ကတည်းက ခန့်အပ်ထားခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးခဲ့သည်။ ယခု ၂၀၂၃ တွင် ယခင် ၂ နှစ်ကဲ့သို့ပင် ဆုံးဖြတ်ဦးမည်လား။ သို့တည်းမဟုတ် ဆုံးဖြတ်ချက် အသစ်ပေါ်ထွက်မည်လား မသိရသေးပေ။
အထက်ပါ Credentials Committee ကို အဖွဲ့ဝင် ၉ နိုင်ငံဖြင့် ဖွဲ့စည်းပြီး အမေရိကန်၊ တရုတ်၊ ရုရှား တို့က အမြဲပါလေ့ရှိသည့် Permanent Member များဖြစ်သည်။ ကျန်အဖွဲ့ဝင် ၆ နိုင်ငံကိုမူ လက်ရှိ အချိန်အထိ မသိရသေးကြောင်း အမေရိကန်တွင် နေထိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။ Credentials Committee အမြဲတမ်း သုံးနိုင်ငံက ယင်းကော်မတီအတွင်း ဗီတိုအာဏာမရှိသော်လည်း စူပါပါဝါ သုံးနိုင်ငံ၏ အခန်းကဏ္ဍ အရေးပါသည်မှာ ငြင်းမရပေ။

Public Service Announcement

“ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ တရုတ်က ဘယ်လိုရပ်တည်မလဲဆိုတာ ခန့်မှန်းရတော်တော်ခက်ပါတယ်” ဟု မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာစောင့်ကြည့်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၂ နှစ်က ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို အာဏာသိမ်းစစ်ကောင်စီရရှိရေးအတွက် Credentials Committee အတွင်း အတိုက်အခံမလုပ်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ နှစ်လယ်ပိုင်းအထိ စစ်ကောင်စီနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးမျိုး မလုပ်ခဲ့ဘဲ ခပ်ခွာခွာနေခဲ့ကြောင်း မြန်မာ-တရုတ် ဆက်ဆံရေးလေ့လာသူအချို့က မှတ်ချက်ပြုကြသည်။ သို့သော် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် တရုတ်၏ မြန်မာ့အရေးမူဝါဒ ပြောင်းလဲမှုအချို့ရှိလာပြီး နီးကပ်သည့် ထိတွေ့မှုများ ရှိလာခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝမ်ယိ၏၂၀၂၂ ပုဂံခရီးစဥ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မတွေ့ဆုံသော်လည်း ၂၀၂၃ မေလဆန်းတွင် ဝမ်ယိနေရာ ဆက်ခံသူ နိုင်ငံခြားရေးဝန်ကြီး Qin Gang က နေပြည်တော်၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ မြန်မာပြည်သူအများအပြားကို သတ်ဖြတ်ခဲ့သူ၊ စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံထားရသူ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး၏ အဆိုပါ လက်ဆွဲနှုတ်ဆက်မှုက စစ်အာဏာသိမ်းမှုအပြီး ၂ နှစ်ကျော်အတွင်း တရုတ်၏ ထိပ်တန်းအရာရှိတစ်ဦးက စစ်ခေါင်းဆောင်ကို ပထမဆုံးအရာပေးမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းမတိုင်မီ နှင့် ယင်းဖြစ်ရပ်အပြီးတွင် တရုတ်အထူးသံတမန်ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အနည်းဆုံး ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကမူ တရုတ်သည် ၎င်း၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးစီးပွားများအတွက် အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံနေခြင်းဖြစ်ပြီး ယင်းမှာ ‘လက်တွေ့နိုင်ငံရေး’ ပင်ဖြစ်သည်ဟု ရှုမြင်သည်။ အာဏာသိမ်းစစ်ကောင်စီသည် လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေသူ ဖြစ်သဖြင့် တရုတ်က ဆက်ဆံနေခြင်းဖြစ်ပြီး ယခင်စစ်အစိုးရ(နဝတ/နအဖ)လက်ထက်များတွင် ဆက်ဆံခဲ့သည့်အတိုင်း စစ်ကောင်စီဘက်ကို ပုံအောလိမ့်မည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
“သူ(တရုတ်)က အလိုက်အထိုက် ဆက်ဆံမယ်။ သို့သော်လည်း ပြည်သူလူထု မျက်နှာလည်း ထောက်ရမယ်ဆိုတဲ့ အနေအထားအောက်မှာ မြွေမသေ တုတ်မကျိုး ပေါ့ဗျာ။ အဲဒါကြောင့် ပျော့ပျော့ပျောင်းပျောင်းလုပ်ကိုင်နေတယ် ထင်ပါတယ်” ဟု ဒေါက်တာလှကျော်ဇောက စစ်ကောင်စီနှင့် တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်သည်။

အကယ်၍သာ တရုတ်သည် သံအမတ်ကြီးဦးကျော်မိုးထွန်းနေရာကို စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ဖြင့် အစားထိုးရန် ထောက်ခံလိုက်ပါက မြန်မာနိုင်ငံတွင် ယခင်ရှိရင်းစွဲ အများပြည်သူသဘောထားက တရုတ်အပေါ် ဆန့်ကျင်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လင့်တနာက ပြောသည်။ အခြားတစ်ဖက်တွင်လည်း ဦးကျော်မိုးထွန်းကို ထောက်ခံမှုကိုလည်း တရုတ်က ပြသလိမ့်မည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
“အားလုံးကို ချုပ်ပြောရရင် တရုတ်ဟာ မဲမပေးဘဲ (ကြားနေ) တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ဒါက ခန့်မှန်းဖို့ အလွန်ခက်ခဲပါတယ်” ဟု ဘာတေးလ်လင့်တနာက ပြောသည်။
အာဆီယံထိပ်သီးခေါင်းဆောင်အဆင့်နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဖယ်ကြဥ်ခံထားရသည့် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာတွင် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ကုလသမဂ္ဂတွင် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်ခံရရေးအတွက် ပြင်ဆင်ကြိုးပမ်းနေသည်။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အဆိုပြုသူများ ရွေးချယ်ခြင်းမခံရပါကလည်း ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုအတွက် ထိုင်ခုံအလွတ်ထားရန် ကြိုးပမ်းလာကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူအချို့က ပြောသည်။

“စစ်ကောင်စီရည်မှန်းချက်က သူ့ရဲ့ကိုယ်စားလှယ်ကို အသိအမှတ်မပြုရင်တောင် ဒီနေရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်မရှိရေးက သူတို့ ရည်မှန်းချက်ပေါ့။ သံအမတ်ကြီး ဆက်မရှိရင် သူတို့ ရည်မှန်းချက်က တော်တော်လေး အောင်မြင်ပြီလို့ လောလောဆယ်မှာ သူတို့ ရည်မှန်းထားပုံရတယ်”ဟု သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး အမေရိကန်အခြေစိုက် Credential Challenge Campaign အဖွဲ့ဝင် ဒေါ်ခင်လေးက ပြောသည်။
မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများက ကုလသမဂ္ဂမျက်နှာစာတွင် ပြည်သူလူထုအပေါ် အကြမ်းဖက်၊ သတ်
ဖြတ်နေသည့် စစ်ကောင်စီ ကိုယ်စားပြုခွင့် ရနိုင်မည်မဟုတ်ကြောင်း ယုံကြည်ထားကြသည်။ “အာဆီယံမှာတောင် နေရာမရတာ ကုလသမဂ္ဂမှာ ဘယ်လိုနေရာရနိုင်မလဲ” ဟု လေ့လာစောင့်ကြည်သူတစ်ဦးက မှတ်ချက်ပြုသည်။ ဒေါက်တာလှကျော်ဇောကလည်း စစ်ကောင်စီမှာ အရမ်းခေါင်းမာနေသည့်အတွက် တရုတ်နိုင်ငံက ယခင်နှစ်များအတိုင်း Credentials Committee အတွင်း အတိုက်အခံ မလုပ်ဘဲ ရပ်တည်ခြင်းဖြင့် သံ အမတ်ကြီး ဦးကျော်မိုးထွန်း လက်ရှိကိုယ်စားပြုခွင့်နေရာကို ဆက်လက်ရရှိလိမ့်မည်ဟု သုံးသပ်သည်။
သို့ရာတွင် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားကြသူများကမူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို နေရာမပေးရုံမျှမက စစ်ကောင်စီလိုလားသော ‘ထိုင်ခုံအလွတ်’ ပင် ဖြစ်၍ မရကြောင်း အခိုင်အမာဆိုသည်။ ထို့အပြင် ရုရှားကဲ့သို့ စစ်ကောင်စီဘက် အပြတ်ရပ်သော နိုင်ငံအနည်းငယ်အပြင် ကြားနေသော နိုင်ငံအချို့လည်း ရှိနေသည့်အတွက် သံတမန်ရေးတိုက်ပွဲ သုံးနှစ်မြောက်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံရရှိရေးအတွက် စိုးရိမ်မှုပူပန်မှုများ ရှိနေသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် Credentials Committee က အဆုံးအဖြတ်ပေးမည်ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက်အပေါ် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူလူထု၊ မြန်မာနွယ်ဖွားများ၏ အသံများ၊ တောင်းဆိုဆန္ဒထုတ်ဖော်မှုများက များစွာ အထောက်အပံ့ဖြစ်ပြီး အရေးကြီးကြောင်း Credential Challenge Campaign အဖွဲ့ဝင် ဒေါ်ခင်လေးက ပြောသည်။

“ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့သူတွေ၊ ပြည်တွင်းမှာ ရှိတဲ့သူတွေက တတ်နိုင်တဲ့ နည်းတဲ့ သံအမတ်ကြီးသည်သာလျှင် ငါတို့ရဲ့ သံအမတ်ကြီးဖြစ်တယ်။ သံအမတ်ကြီး ဆက်လက်တည်ရှိနေရေးဟာ မြန်မာ့အရေးကို နိုင်ငံတကာက ကူညီပံ့ပိုးမှုမှာ ထိရောက်တဲ့ ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာ သိအောင် ကျွန်မတို့ နည်းပေါင်းစုံနဲ့ ဖော်ထုတ်ဖို့ ကြိုးစားကြပါတယ်။ စက်တင်ဘာလ တစ်လလုံး credential challenge အနေနဲ့ ဆန္ဒပြတာတွေ၊ နိုင်ငံအစိုးရတွေနဲ့ လွှတ်တော်တွေကို သွားရောက်ပြီး တွေ့ဆုံဆွေးနွေးပြီးတော့ မြန်မာ့အရေးကို ကုလသမဂ္ဂမှာ သံအမတ်ကြီးဆက်လက်တည်ရှိရေးသာမက မြန်မာ့အရေးကို ထိထိရောက်ရောက် ပံ့ပိုးကူညီနိုင်မှုတွေ လုပ်ဖို့အတွက် တိုက်တွန်းဆွေးနွေးမှုတွေလည်း ဆက်လက်လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် Credential Challenge Campaign ဆောင်ပုဒ်မှာ ‘ငါတို့သံအမတ် ငါတို့အသံ ၊ Our Ambassador Our Voice’ ဖြစ်ပြီး ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန် ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် ရန်ကုန်မြို့အပါအဝင် တော်လှန်ရေူအားကောင်းသောဒေသများတွင် စက်တင်ဘာလအတွင်း အရှိန်မြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
သံအမတ်ကြီးဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂစင်မြင့်ထက်မှ စစ်အာဏာရှင်များ ဘာမှလုပ်ခွင့်မရအောင် ပိတ်ပင်တားဆီးထားနိုင်သည့်အပြင် စစ်အာဏာရှင်က ပြည်သူလူထုအပေါ် မည်သို့ ဖိစီးနှိပ်စက်နေသည်၊ သတ်ဖြတ်နေသည်၊ မည်သို့လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ကို ကမ္ဘာ့နိုင်ငံပေါင်းများစွာရှေ့တွင် ရဲဝံ့စွာ တင်ပြခဲ့ပြီး မြန်မာပြည်သူလူထု၏ ရဲရင့်သည့် တိုက်ပွဲဝင်မှု၊ ပေးဆပ်အနစ်နာခံမှု၊ ကြံ့ကြံ့ခံရပ်တည်မှုများကို ကမ္ဘာ့နိုင်ငံများ သိရှိအောင်ပြောကြားနေနိုင်ခြင်းမှာ သံအမတ်ကြီး ရှိနေ၍ ဖြစ်သည်ဟု ရန်ကုန်မြို့ပြသပိတ်ခေါင်းဆောင် ကိုနန်းလင်းက မှတ်ချက်ပြုသည်။
“ဒီနှစ်မှာလည်း သံအမတ်ကြီး ဒီနေရာမှာ ဆက်လက်ရရှိနေဖို့၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံကို ထင်ဟပ်ပြီး ဆက်ပြီး ကိုယ်စားပြုနေဖို့အတွက်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေက သံအမတ်ကြီးကို ထောက်ခံတယ်ဆိုတာကိို ပုံသဏ္ဍန်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ဖော်ထုတ်ပြသဖို့ လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်အုပ်စု၏ နေ့စဥ်နှင့်အမျှ ကျူးလွန်နေသော ဥပဒေမဲ့ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ၊ ပြည်သူလူထုနေအိမ် မီးရှို့ဖျက်ဆီးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများ စသည့် ရက်စက်ကြမ်းကြုတ်မှုမှန်သမျှကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အချိန်နှင့်တပြေးညီ ကုလသမဂ္အထွေထွေအတွင်းရေးမှူးချုပ်၊ သက်ဆိုင်ရာ အထူးကိုယ်စားလှယ်များ၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများ သိရှိစေရန် အပတ်စဥ် အစီရင်ခံစာပေးပို့ခြင်း၊ ညီလာခံနှင့် အစည်းအဝေးများတွင် ပြောဆိုဆွေးနွေးခြင်းများ မရပ်မနား ပြုလုပ်ခဲ့သည်။
ထို့ကြောင့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံသို့ စစ်လက်နက်မတင်ပို့ရေး အဆိုတစ်ရပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးသမိုင်းဝင် ဆုံးဖြတ်ချက်အဆိုတစ်ရပ် ထင်ရှားသော ဖြစ်စဥ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ယင်းဆုံးဖြတ်အတည်ပြုချက်များနှင့် လုံလောက်မှုမရှိသေးဘဲ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို အမြန်ဆုံးအရေးယူနိုင်ရေးအတွက် ဥပဒေအရ စည်းနှောင်မှုရှိသည့် နောက်ထပ် ဆုံးဖြတ်ချက်အဆိုများ လိုအပ်နေဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မြန်မာပြည်သူလူထုက သံအမတ်ကြီးဦးကျော်မိုးထွန်းကို တခဲနက်ထောက်ခံနေကြောင်း ပြသခြင်းမှာ ကုလသမဂ္ဂ၏ အထွေထွေညီလာခံ၊ Credentials Committee တို့က သိရှိပါက များစွာ အကျိုးရှိကြောင်းနှင့် ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း ပြောသည်။
“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ Credentials Committee အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထု၏ အသံကို နားထောင်ကာ မြန်မာပြည်သူလူထု၏ ပြင်းပြသောဆန္ဒ Aspiration ကို အလေးထား ထည့်သွင်းစဥ်းစားပြီး မြန်မာကိုယ်စားပြုခွင့်နေရာကို ဆုံးဖြတ်မည်ဟု အပြည့်အဝယုံကြည်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက သြဂုတ်လကုန်တွင် ပြုလုပ်သော NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လုပ်ဆောင်နေတာတွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ပြည်သူတွေ လိုလားတောင်းတတဲ့အချက်တွေကို နည်းအမျိုးမျိုးနဲ့ ပြည့်မီအောင် ဆောင်ရွက်ရာမှာလည်း ဒီနေရာလေးက အပါအဝင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူသားချင်းစာနာမှု စတဲ့ အားလုံးသော value တွေကို အခြေပြုထားတဲ့ ကုလသမဂ္ဂအနေနဲ့ ဒီလိုစံနှုန်းတွေအပေါ် အခြေပြုပြီး ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ ဆန္ဒကို အခြေပြုပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဒီဥစ္စာနဲ့အညီ ထင်ဟပ်ဆောင်ရွက်မယ်ဆိုတာကို အပြည့်အဝယုံကြည်ပါတယ်” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းကဆိုလေသည်။ ။
