သရဖူ/People’s Spring
မန္တလေးဆေးရုံအုပ်ကြီး နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာသက်အောင်သည် နှလုံးရောဂါဖြင့်ရုတ်တရက် ကွယ်လွန်သွားခဲ့သည့်သတင်းက မန္တလေးမြို့ဆရာဝန်အသိုင်းအဝိုင်းနှင့် ၎င်း၏ မိတ်ဆွေများ၊ တပည့်များကြားတွင် ပွက်လောရိုက်သွားသည်။
“ရုတ်တရက်ကြီးဖြစ်သွားတာ။ နှလုံးထိသွားတာ”ဟု ဒေါက်တာသက်အောင်၏ မိတ်ဆွေဆရာဝန်တစ်ဦးကပြောသည်။
အသက် ၅၅ နှစ်အရွယ် တောင်သာမြို့နယ်ဇာတိ၊ ဒေါက်တာသက်အောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဖြစ်သည်။ Non CDM တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၈ရက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

“သူက သဘောထားကောင်းပါတယ်။ စစ်တပ်အလိုကျနေရတာမို့ စိတ်ညစ်တာရော၊ ဆရာဝန်အသိုင်းအဝိုင်းကပါ သိပ်အဆက်အဆံမလုပ်တာမျိုးရှိတယ်”ဟု မန္တလေးမြို့မှ ဆရာဝန်တစ်ဦးကပြောသည်။
သို့သော် မတရားအာဏာလုယူထားသောစစ်ကောင်စီကိုအာဏာဖီဆန်၍ ပြည်သူနှင့်အတူရပ်တည်ခဲ့သော CDM ဆရာဝန်အချို့ကို စစ်ကောင်စီကဖမ်းဆီးရာတွင်၎င်းနှင့် ဒုဆေးရုံအုပ်တို့သည် လက်ထောက်ချခဲ့သည်ဆိုသော ဝေဖန်ချက်အချို့လည်းရှိခဲ့သည်။

Public Service Announcement
ကိုယ်တိုင်နှလုံးအထူးကုဆရာဝန်ကြီးဖြစ်သော်လည်း နှလုံးရောဂါ နှင့် သွေးတိုးရောဂါခံစားနေရသည်ကို မိသားစုမှလွှဲပြီး မည်သူ့ကိုမှ အသိပေးခဲ့ခြင်းမရှိကြောင်းနှင့် ယခုသေဆုံးချိန် မိသားစု၏ပြောပြမှသာ သိရသည် ဟု စစ်အုပ်စုထောက်ခံသည့် Telegram Channel အချို့တွင်ရေးသားကြသည်။
၎င်းသည် စစ်တပ်အာဏာမသိမ်းခင်ကာလက တနိုင်ငံလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်ရောဂါ ကပ်ဘေးကိုရွေးကောက်ခံအရပ်သား အစိုးရနှင့်လက်တွဲ၍ အကောင်းဆုံးကြိုးစားဖြေရှင်းခဲ့သည့် ဆရာဝန်မျာအနက် တစ်ဦးဖြစ်သည်ဟုဆရာဝန်အချို့ကပြောသည်။
၎င်းသည် မုံရွာအထွေထွေရောဂါကုဆေးရုံအုပ်ကြီးအဖြစ်မှ စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ရင်းမန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်အဖြစ်ရာထူးတိုးလာသူဖြစ်သည်။
“အောင်လင်းဒွေးညီမ စုစုဒွေး မန္တလေးဆေးရုံအုပ်ကြီးရာထူးကနေ နေပြည်တော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုး ပြောင်းရွှေ့သွားတော့ အခု သက်အောင်ကို မုံရွာကနေ မန္တလေးကို ရွှေ့ပေးလိုက်တာ ၂၀၂၁ ခုနှစ်တုန်းက”ဟု ဆရာဝန်တစ်ဦးကပြောသည်။
ထို့ကြောင့် စစ်ကောင်စီလက်အောက် ကိုဗစ်တတိယလှိုင်းကိုရင်ဆိုင်ရစဥ် အားကြိုးမာန်တက်ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများပိုမိုအားကောင်းလာခြင်း၊ မန္တလေးမြို့ တိုင်းကျန်းမာရေးဦးစီးဌာနရုံး ဗုံးပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ပုဂ္ဂလိကဆေးရုံများကို စစ်ကောင်စီက အကြမ်းဖက်စီးနင်းပိတ်သိမ်းခိုင်းခြင်းစသည့် နောက်ဆက်တွဲ ဖြစ်ရပ်များသည် ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်ကို စိတ်ဖိစီးမှုဖြစ်စေခဲ့သည်ဟုထင်ကြောင်း မန္တလေးဆရာဝန်အသိုင်းအဝိုင်းကဆိုသည်။

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်မှ တိုင်းကျန်းမာရေးဦးစီးဌာနရုံးသည် ဩဂုတ်လ၃၁ရက် နေ့တွင် ဗုံးပစ်ခတ်တိုက်ခိုက်ခံရပြီး လက်ထောက်ညွန်ကြားရေးမှူးဒေါ်စိမ်းလဲ့လဲ့နှင့်၀န်ထမ်းလေးဦး ဒဏ်ရာရသွားခဲ့သည်။ဒေါ်စိမ်းလဲ့လဲ့သည့် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုဖြစ်ရပ်အတွက် တိုင်းအဆင့်ဆရာဝန်ကြီးများ၊ ဆေးရုံးအုပ်ကြီးများ ဌာနတွင်း စုံစမ်းစစ်ဆေးခံခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီသည် တော်လှန်ရေးတွင်ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် မန္တလေးမြို့မှ နာမည်ကြီးပုဂ္ဂလိကဆေးရုံအချို့ကို ချိတ်ပိတ်ခဲ့သလို ဆရာဝန်အချို့ကိုလည်း ဖမ်းဆီးခဲ့သည်။ပြီးခဲ့သည့် ဩဂုတ်လအတွင်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှ တက်နေလင်း မျက်မှန်ဆိုင်ပိုင်ရှင် မျက်မှန်ကျွမ်းကင်သူ ဦးမြသန်း၊၎င်း၏ဇနီး CDMတွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်နှင့် သားဖြစ်သူကို PDF ထောက်ပံ့သူများဟုစစ်ဆွဲကာ ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကိုချိပ်ပိတ်သိမ်းယူခဲ့သည်။
CDM ဆရာဝန် နှစ်ဦးကို အလုပ်ခန့်ထားသည်ဟုဆိုကာ မန္တလေးမြို့မှ နာမည်ကြီး ပုဂ္ဂလိကဆေးရုံဖြစ်သော မင်္ဂလာဆေးရုံကို စစ်ကောင်စီက ယာယီပိတ်ခိုင်းသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း မန္တလေးဆေးတက္ကသိုလ်မှ CDM ပြုလုပ်ခဲ့သော ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ဖမ်းဆီးခဲ့ပြန်သည်။
မန္တလေးမြို့မှCDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်လုပ်ခွင့် ပေးထားသည်ဆိုသော စွပ်စွဲချက်များဖြင့် စစ်ကောင်စီက မြို့တော်၊ နန်းတော်၊ကံ့ကော် စသည့်ပုဂ္ဂလိကဆေးရုံသုံးခုကို လုပ်ငန်းလိုင်စင် အပြီးရုပ်သိမ်းပစ်ခဲ့သည်။
မန္တလေးမြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ အခြေအနေများက ဒေါက်တာသက်အောင်ကို စိတ်ဖိစီးမှုအလွန်အကျွံဖြစ်စေခဲ့သည်ဟု ဆရာဝန်အသိုင်းအဝိုင်းကဆိုသည်။
” သူ(ဒေါက်တာသက်အောင်) က ဆေးရုံအုပ်ကြီးဆိုတော့ လူရှေ့သူရှေ့ထွက်ရတာ ရှိတယ်။ဒီကာလမှာ သူအေးဆေးနေချင်ရှာတာ။ စစ်တပ်က သူ့ကို ခေါ်ခေါ်သုံးတော့ သူ ငြင်းမရဘူးဖြစ်တာ”ဟု ဒေါက်တာသက်အောင်၏ မိတ်ဆွေ ဆရာဝန်ကသူအမြင်ကိုပြောသည်။
စစ်ကောင်စီခေါင်းဆောင်ပိုင်း၏ ကိုးကွယ်ခံသီတဂူဆရာတော်နှင့် မဟာဂန္ဓာရုံကျောင်းတိုက်၏ မဟာနယကဆရာတော် တို့ သည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က ထိုင်းနိုင်ငံမှ ဆေးကုပြီး လေကြောင်းမှတဆင့် ပြန်လာစဉ် စစ်အုပ်စုနှင့်အတူ တံတားဦး လေဆိပ်၌ ကြိုဆိုခဲ့သူများတွင် ဒေါက်တာသက်အောင်လည်းပါဝင်ခဲ့သည်။
မန္တလေး တိုင်းပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် အထူးကုဆရာဝန်ကြီးများက သီတဂူဆရာတော်နှင့်အဖွဲ့၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။ ယင်းသတင်းကို စစ်ကောင်စီ၏ မီဒီယာများ၊ စစ်အုပ်စုထောက်ခံသည့် Telegram Channel များ၌ပါ ထုတ်ပြန်ခဲ့သည်။
ထိုနေ့သည် ဒေါက်တာသက်အောင် လူမြင်ကွင်းသို့ နောက်ဆုံးထွက်ခဲ့သည့်နေ့လည်းဖြစ်ခဲ့သည်။
” အရပ်သားအစိုးရလက်ထက်တုန်းကတော့လူချစ်လူခင်ပေါခဲ့သူ၊ အာဏာရှင်လက်ထက်က လူလုံးမပြရဲတော့သူ။ ဒါပါပဲ၊ ကိုယ်စိုက်တဲ့အသီး ကိုယ်ရိတ်သိမ်းရတာ” ဟု ဒေါက်တာသက်အောင်၏ မိတ်ဆွေတဦးကမှတ်ချက်ပြုသည်။
