ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင် ထဲက ကျောက်တံခါးမြို့မှာ ဇွန် ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ နယ်ခံသတင်းရင်းမြစ်တွေထံကသိရပါတယ်။
ကျောက်တံခါးမြို့နယ်ထဲက ဗောဓိကွင်းကျေးရွာအုပ်စု ကို ကျောက်တံခါးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြှောက်တပ် က လက်နက်ကြီး နဲ့ ညအချိန် ပစ်ခတ်တာလို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဗောဓိကွင်းရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသား နဲ့ စဉ့်အိုးလှ ရွာနေ အသက် ၂၅ နှစ် ခန့် အမျိုးသား တို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ဒါအပြင် သင်္ဃန်းချောင်ရွာက ရွာသား ၄ ဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ကျောက်တံခါးမြို့နယ်ထဲ စစ်ကောင်စီ က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ကျေးရွာ ၁၃ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၂၅ ရက်မှာလည်း စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် သမင်အင်းကုန်းရွာမှာ အမျိုးသမီး ၂ ဦး ၊ ငါးဖယ်အင်းရွာနေ ၄ နှစ်သား ကလေးငယ် သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ညောင်လေးပင်ခရိုင်ဟာ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ KNU ၊ PDF တပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသလည်းဖြစ်ပါတယ်။
