ငါးဦးထိခိုက်ပြီး အရာရှိအချို့သေကနဦးသတင်းရရှိ
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရန်ကုန် – မော်လမြိုင်လမ်းမကြီး ကျုံအိတ်တံတားအား ကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ညပိုင်း၌ မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားအပျက်အစီးကို သွားရောက်စစ်ဆေးသည့် ရဲများ၊ထွေအုပ်နှင့် စစ်ကောင်စီဝန်ထမ်းများ ထပ်မံ၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNLA နယ်မြေခံတပ်မှူးက ပြောသည်။
မော်လမြိုင်နှင့် ဘားအံမြို့ဘက်သို့ စစ်ကောင်စီထောက်ပို့လမ်းကြောင်း ဖြတ်တောက်နိုင်ရေးအတွက် ဘီးလင်းနှင့် သထုံမြို့နယ်ကြားရှိ အဆိုပါတံတားကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တံတားတစ်ခြမ်းပြုကျပျက်စီးခဲ့သည်။
“မနက်က တံတားကျိုးတဲ့နေရာမှာ လာစစ်ဆေးတဲ့အဖွဲ့ ခရိုင်မှူးတွေပါတယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးပါတယ်။ ခရိုင်ရဲမှူးပါတယ်။ အဲဒီမှာ ရဲအဖွဲ့ဝင်တွေ အင်ဂျင်နီယာ EE အဖွဲ့ဝင်တွေပါတယ်။ ပါတော့ ဒီကနေ ပူးပေါင်းအဖွဲ့ကထပ်ပြီးတော့ ဒရုန်းနဲ့သွားကြဲချတာ။ ကြဲချတော့ ခရိုင်မှူး ဒဏ်ရာရတယ်။ အုပ်ချုပ်ရေးမှူးလည်းဒဏ်ရာရတယ်။ နောက်ပြီး EE တစ်ယောက် သေသွားတယ်နဲ့တူတယ်။ အဲဒီမှာ အားလုံး ငါးယောက်ထိတာ ၂ယောက်သေတယ်”ဟု နယ်မြေခံ KNLA တပ်မှူးက ပြောသည်။
လက်ရှိ စစ်ရေးအခြေအနေများအရ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
“ပြည်သူတွေကလည်း အရပ်သားကားတွေ သွားတာ လာတာ သတိထားပြီးသွားကြလို့နော်။ ဒီမှာ ကျနော်တို့အဖွဲ့တွေလည်း အဲဒီမှာ စစ်ဆေးရေးတွေဘာတွေလုပ်ရင်လည်း ရပ်ပေးပေါ့။ ရပ်ပြီး အစစ်ဆေးခံပေါ့”ဟုလည်း KNLA တပ်မှူးက ပြောသည်။
တံတားတိုက်ခိုက်မှုဖြစ်စဉ်တွင် အရပ်ယာဉ် အချို့လည်း တံတားနှင့်အတူ ပြုတ်ကျပျက်စီးခဲ့သည်။
တံတားမိုင်းခွဲခံရစဉ် ပျက်စီးခဲ့သည့် ကားပေါ်ပါသူအချို့ထိခိုက်သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများမှာလည်း သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်းစိုးမိုးဆိုသူ ဖြစ်ကြောင်း နယ်မြေခံ KNLA ဘက်က အသိပေးသည်။
ဒဏ်ရာရသူမှာ သထုံခရိုင်၊ မှုခင်းမှတ်တမ်းရုံး(C.R.O)မှ ရဲတပ်သားမြတ်မင်းထိုက် ဖြစ်သည်ဟု ဆိုသည်။ တံတားမိုင်းခွဲတိုက်ခိုက်စဉ် ထိခိုက်သွားသည့် ကားများသည် လိုင်စင်မဲ့ယာဉ်များဖြစ်ပြီး ထိခိုက်သူများသည်လည်း အဆိုပါ ယာဉ် မောင်းသူများဖြစ်သည်ဟု ဆိုသည်။ သို့သော် People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
“လိုင်စင်မဲ့ကားတွေသယ်လာတာလို့ပြောတယ်။ သေဆုံးသူတစ်ဦးမှာ သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်း စိုးမိုးဆိုသူဖြစ်ကြောင်း သိရှိရ။ ရဲ(စစ်ကောင်စီရဲ)တစ်ယောက် လည်း ထိတယ်တဲ့။ သူတို့တွေဘက်က သတင်းဖုံးထား။ ဒေသခံကားမပါဘူးနော်။ ကား သုံးစီးလုံးလိုင်စင်မဲကားတွေသူတို့(စစ်ကောင်စီဝန်ထမ်းနှင့် ဆက်စပ်သူများ) သယ်လာတာ”ဟု KNLA တပ်မှူးက ပြောသည်။
