စစ်ကိုင်းတိုင်း၊ မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ရေယာဥ်နှင့်ဆိုင်ကယ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝင်ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယမန်နေ့ နေ့လယ် ၁နာရီခန့်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတဆင့် ချင်းတွင်းမြစ်အတွင်း ထွက်ခွာလာသော စစ်ကောင်စီရေယာဥ်တန်းအား မဟာမိတ်အဖွဲ့များက ပဒေသာမိုင်းပွိုင့် ငါးခုဖြင့် တိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲ ၃မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း BRAVE HEART ARMY(B.H.A)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ရေယာဉ် သုံးစီးပါ။ မုံရွာဘက်ကနေစုန်လာပြီး စစ်ကိုင်းဘက်ကိုထပ်စုန်သွားပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်မှုအပြီး အမြင့်စခန်းနားမှာ ဆိုက်ကယ်သွားပါသေးတယ်။ဘာကြောင့်ရယ်တော့မသိဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်ထိခိုက်မှုရှိသော်လည်း သေဆုံးမှုကိုအတည်မပြုနိုင်သေးဘဲ ရဲဘော်များမှာမူ အထိအခိုက်မရှိကြောင်း BHAက ဆိုသည်။
“ချင်းတွင်းတံတားထိပ် အလုံ မင်းထောင့်ဆိပ်ကမ်းကနေ အောက်ဘက်ကို စုန်ဆင်းသွားတာ။ အင်အားများတယ်။”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Chindwin Fighter Group (C.F.G)၊ Farmers Revolution Force-3 မုံရွာခရိုင် တပ်ရင်း-၁၀ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army (B.H.A)တို့ ပူပေါင်းတိုက်ခဲ့ကြောင်း အသိပေးထားသည်။
ထို့အပြင် ယမန်နေ့ (ဇွန်လ ၂၈ ရက်) နံနက် ၇နာရီခန့်က မြင်းမူမြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှစ်စီးဖြင့်လာသော စစ်သား လေးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu (DK PDF-MMU)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်သားများစီးလာသော ဆိုင်ကယ်နှစ်စီးလုံး တာယာပွင့်ထွက်သွားပြီး နှစ်ဦး သေဆုံးကာ နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။
“သူတို့မြို့ရှောင်လမ်းဘက်ကို ငွေကြေးကောက်ခံနေတဲ့အချိန် ကျွန်တော်တို့သတင်းရရှိပါတယ်။ သတင်းရရှိပြီးပြီးချင်း သွားလိုက်တဲ့အချိန် သူတို့ငွေကြေးကောက်ခံပြီး အပြန်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”ဟု DK PDF-MMU)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကိုင်းနယ်တွင် PDF ရဲဘော်များ အကျအဆုံးများခဲ့၍ မြို့ပေါ်သို့ အရဲစွန့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DK PDF-MMUအဖွဲ့က ပြောသည်။
ယင်းစစ်ဆင်ရေးကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ People’s Knight Defense Force Myinmu(PKDF.MMU)..မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း (ပကဖ)၊D.B.B.F.MMUစသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
