ငါးလကျော်အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ
ပြီးခဲ့တဲ့ ငါးလကျော်ကာလမှာ အာဏာသိမ်းစစ်ကောင်စီက သေဒဏ် အမိန့်ချထားသူ ၁၅ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့က ထုတ်ပြန်ပါတယ်။ သေဒဏ်ချခံရသူ ၁၅ ဦးမှာ အမျိုးသမီး ၄ ဦးပါဝင်တယ်လို့သိရပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ဇွန်လ ဒုတိယပတ်အထိ ငါးလကျော်အတွင်း စုစုပေါင်း ၇၃၀ ဦးကို မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။ ဒီလိုထောင်ချခံရသူ ၇၀၀ ကျော်မှာ အမျိုးသမီး ၁၀၈ ဦး၊ အမျိုးသား ၆၂၀ ဦးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ ၂ ဦး ပါဝင်တယ်လို့သိရပါတယ်။

စစ်တပ်က မိုးဗြဲနယ် ပြည်သူ ၂၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းအပေါ် NUG အပြင်းအထန်ရှုတ်ချ
စစ်ကောင်စီတပ်က မိုးဗြဲမြို့အနီးတဝိုက်ရှိ ဒေသခံပြည်သူ ၂၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအပေါ် အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇွန်လ ၆ မှ ၈ ရက်နေ့အတွင်း မိုးဗြဲမြို့ မြောက်ဘက်ရှိ စေတီတော်အနီး ဒေသခံရွာသား ၁၄ ဦးကိုစစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့သလို မိုးဗြဲမြို့နယ်အတွင်းသို့ စစ်တပ်က မော်တာနဲ့ ပစ်ခတ်လို့ ပြည်သူ ၁၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ဒီရက်ပိုင်းမှာလည်း စစ်တပ်က ဒေသခံပြည်သူများအပေါ် အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များကပြောပါတယ်။

စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံပြီးနောက် မယ်စဲ့ဒေသခံ ၂,၀၀၀ခန့် ထိုင်းဘက်သို့တိမ်းရှောင်
ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ ဒေသခံ ၂,၀၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်နီဒေသသတင်းရင်းမြစ်က ပြောပါတယ်။ မယ်စဲ့မြို့နယ်ရဲစခန်းနဲ့ မြို့နယ်အတွင်းရှိ တပ်စခန်း သုံးခုကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့က ဇွန်လ ၁၃ရက်မှာ တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ကြတာပါ။ မယ်စဲ့မြို့နယ် ဟိုစဲဒေသမှာ အရင်ကတည်းက စစ်ရှောင်စခန်းတစ်ခုရှိရာ လက်ရှိမှာ ထိုင်းဘက်သို့ထပ်မံ တိမ်းရှောင်ရတာလို့ သိရပါတယ်။

ရခိုင်မုန်တိုင်းသင့်ပြည်သူများ အရေးပေါ်အကူအညီ ဆက်လက်လိုအပ်နေ
မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသခံ ပြည်သူများအနေနဲ့ အရေးပေါ်အကူအညီများ ဆက်လက်လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဖွဲ့စည်းထားတဲ့ မိုခါမုန်တိုင်းဒဏ်သင့် အရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။ မုန်တိုင်းတစ်လပြည့်နေ့မှာ မုန်တိုင်းကြောင့်ပျက်စီးမှုနဲ့ အကူအညီများဆက်လက်လိုအပ်နေမှုတို့ကို ကော်မတီက အသိပေးထုတ်ပြန်ခဲ့တာပါ။ အရေးပေါ်ကယ်ဆယ်ရေးနဲ့ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရေး ကူညီပေးနေတဲ့ AA တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမားများ၊ လူငယ်များ၊ ကူညီစောင်ရွက်ပေးနေသူများနဲ့ အရေးပေါ် အကူအညီများချောမွေ့စွာ လျင်မြန်စွာ ရောက်ရှိနိုင်ရေး သယ်ယူပို့ဆောင်ပေးကြတဲ့ ကုန်းလမ်း ၊ ရေလမ်းမှ ယာဉ်မောင်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင်တယ်လို့ဖော်ပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီကယ်ဆယ်ရေးသွားလာခွင့် ပိတ်ပင်ထားပါတယ်။

စစ်ကိုင်းရှိ ကျေးရွာသုံးရွာနဲ့ PDFရဲ့ ထုတ်လုပ်ရေးစခန်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ဝန်းကျင် ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ၃၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းအခြေစိုက် TZ People Defense Forceရဲ့ ထုတ်လုပ်ရေးစခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး ကျပ်သိန်း ၁၂၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ အဖွဲ့က အသိပေးပါတယ်။

ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှစ်ခုကို ပစ်ခတ်တိုက်ခိုက်၊ အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများကို လက်နက်ကြီးများနဲ့ နှစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၃ ရက်ညပိုင်းက ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ စုပေါင်းရုံးနဲ့ မီးသတ်တပ်ဖွဲ့ရုံးကို လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများရှိပေမယ့် အတိအကျမသိရသေးဘူးလို့ DRPAက ပြောပါတယ်။ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကိုလည်း ဒရုန်းနှစ်စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လဲချားမြို့လယ်မှာ အမျိုးသားတစ်ဦးသေနတ်ပစ်ခံရ
ရှမ်းပြည်နယ်၊ တောင်ပိုင်းလဲချားမြို့မှာ မြို့ပေါ်လူစည်ကားရာနေရာမှာ ဒီနေ့ မနက်ပိုင်းက လူတစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံများကပြောပါတယ်။ လဲချားမြို့ ဈေးလမ်းဆုံမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတာလို့ မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။ လမ်းကူးနေတုန်း ကားပေါ်ကနေ ပစ်ခတ်ခံရတာဖြစ်ပြီး ကားမှာ မောင်းထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
