Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှု NUGနှင့် အဖွဲ့အစည်း ၄၀ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ထား

စစ်ကောင်စီသို့ ပေးပို့သည့် သဝဏ်လွှာများကို ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ Facebook စာမျက်နှာ၌ ဖော်ပြခဲ့ရာ ဇွန် ၁၅ ရက် ည​နေအထိ သဝဏ်လွှာ ၄၀ အထိရှိသည်ကို တွေ့ရသည်။

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

▪︎တူညီသောပြည်ထောင်စုမျှော်ရည်ချက်များအတွက်အစဉ်လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိ​ကြောင်း NUG ဖော်ပြ

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဖွဲ့စည်းကြောင်း ဇွန်လ ၁၂ ရက်က ကြေညာခဲ့ရာ ယ​နေ့(ဇွန် ၁၅) ည​နေပိုင်းအထိ IEC ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင်အဖွဲ့အစည်း​ပေါင်း ၄၀ က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့သည်ကို ယင်းကောင်စီ၏ ထုတ်ပြန်ထားမှုအရ တွေ့ရသည်။

စစ်ကောင်စီသို့ ပေးပို့သည့် သဝဏ်လွှာများကို ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ Facebook စာမျက်နှာ၌ ဖော်ပြခဲ့ရာ ဇွန် ၁၅ ရက် ည​နေအထိ သဝဏ်လွှာ ၄၀ အထိရှိသည်ကို တွေ့ရသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းမှာ စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်ရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန် ၊ ပြည်နယ်အတွင်းရှိ အင်အားစု အသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း အသိပေးထားသည်။

ကောင်စီကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ ကရင်နီလူမှုအဖွဲ့အစည်း စည်တို့မှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားပြီး တက်သိပညာရှင်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။

“ ကျနော်တို့က တစ်နေ့ ဖက်ဒရယ်ကိုသွားမယ်ဆိုရင် ပြည်နယ်အစိုးရရှိရမှာပဲလေ။ အားလုံးပါဝင်တဲ့ အားလုံး ဘယ်အင်အားစုပဲဖြစ်ဖြစ် ပါလာရင် ကျနော်တို့က ပိုပြီးတော့မှ အားလုံးပါဝင်သင့် ပါဝင်ထိုက်သူတွေပါအောင်၊ နောက်ပြီး ဖက်ဒရယ်သွားရင်အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ အဖြေရလဒ်တွေဖြစ်ရင် အားလုံးအတွက်အကျိုးရှိမယ်ဆိုပြီးတော့မှ အဲဒီလို ဖွဲ့ထားခြင်းဖြစ်တယ်။ တချို့ကတော့ မပါနိုင်သေးဘူးပေါ့” ဟု KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခူညေးရယ်က ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှု အပေါ် ပြောပြသည်။

မပါဝင်သေးသည့် ကရင်နီဒေသ အင်အားစုများ ဆက်လက်ပါဝင်နိုင်ရေး လမ်းဖွင့်ထားသည်ဟု ဆိုသည်။

ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုအပေါ် NUGက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာ၌ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တူညီသော ပြည်ထောင်စုမျှော်ရည်ချက်များအတွက် အစဉ်တစိုက် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

ယခု ဖွဲ့စည်းလိုက်သော ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်

ထောင်စုအတွက် ကြီးစွာသော အထောက်အပံ့ကောင်းတစ်ခု၊ မရှေးမနှောင်းတွင် ဖြစ်ထွန်းပေါ်ပေါက်လာမည့် တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များအတွက် စံနမူနာကောင်း တစ်ခု ဖြစ်စေလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း NUGက သဝဏ်လွှာပေးပို့သည်။

​မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်​​သောAA ၊ TNLA ၊ MNDA တို့ကလည်း​ကောင်း၊ CNF ၊ KNU စ​သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကလည်း ဂုဏ်ပြု​ကြောင်းသဝဏ်လွှာပို့ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း ကြေညာမှုအပေါ် လှိုက်လှဲစွာ ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ပြည်နယ် အုပ်ချုပ် စီမံ ခန့်ခွဲမှု အခွင့်အာဏာသည် ပြည်နယ် သူပြည်နယ်သားများ၏ လက်ဝယ် တည်ရှိသည့် ဖက်ဒရယ် အနှစ်အရသာကို ဖော်ဆောင်ခြင်း၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မိမိကြမ္မာ မိမိဖန်တီးနိုင်ရေးကို လက်တွေ့ကျင့်သုံးသော ခြေလှမ်းအဖြစ် ရှုမြင်ကြောင်း KNU ၏ သဝဏ်လွှာ၌ ပါရှိသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအရ အခြေခံ အုတ်မြစ်ကောင်းတစ်ခုကို ချမှတ်လိုက်သည့် အစပြု ခြေလှမ်း လည်းဖြစ်ကြောင်းယုံကြည်သည်ဟု KNU က သဝဏ်လွှာပေးပို့ခဲ့ပြီး အခြားဖက်ဒရယ်ယူနစ်များနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေဟု ဆန္ဒပြုထားသည်။

စစ်တပ်၏ ကရင်နီပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ယိုယွင်းပျက်စီးနေသည့် အုပ်ချုပ်ရေးကို အစားထိုးနိုင်ရန် ဖြစ်သကဲ့သို့ တရားစီရင်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများနှင့် တွဲဖက်ပြီး နိုင်ငံရေးပြောင်းလဲမှုက ဖြစ်ပေါ်လာနိုင်သော အာဏာလေဟာနယ်ကို အစားထိုးရေး အတွက် အမြင်ကျယ်ကျယ်ဖြင့် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း KNU၏ သဝဏ်လွှာ၌ ရေးသားထားသည်။

ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုသို့ နိုင်ငံရေးပါတီ၊ ပြည်နယ် အတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။