ဖယ်ခုံမြို့နယ် ၁၀ ရက်ကြာတိုက်ပွဲ စစ်တပ်အရာရှိအပါအဝင် ၂၇ ဦးသေ၊ လက်နက်ခဲယမ်းများရရှိ
ရှမ်း-ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်မှာ ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးကာ လက်နက်များနဲ့ ခဲယမ်းများစွာသိမ်းဆည်းရမိတယ်လို့ PDF – ဖယ်ခုံက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ်အပါအဝင် တပ်မ(၆၆) လက်အောက်ခံတပ်ရင်းများက ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ နဲ့ စက်တော်ကျေးရွာသို့ ရက်ရှည်လများ ထိုးစစ်ဆင်လာခဲ့တာလို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာမှုကို ဇွန်လ ၃ ၁၃ ရက် အထိ PDF – Pekhon တပ်ရင်းအမှတ် (၁၀၀၂) နဲ့အတူ LKPDF၊DMO-PDFs၊ (1101, 1102, 1106, 1107) ပူးပေါင်းစစ်ကြောင်း MBPDF 1007၊ 1009၊1008၊ 1005 ပူးပေါင်းစစ်ကြောင်း KRU နဲ့ KNDF တို့က ပြန်လှန်ခုခံ တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

သထုံမြို့အမတ(၄၀၂)တပ်ရင်းမှူး သေဆုံးသွားပြီဟု KNLA တပ်မှူးအတည်ပြု
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ အမှတ် (၄၀၂)အမြောက်တပ်မှ စစ်ကောင်စီတပ်ရင်းမှူးဟာ မနေ့က သေဆုံးသွားပြီလို့ KNLA တပ်မဟာ(၁) နယ်မြေခံတပ်မှူးက အတည်ပြုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၇ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိခဲ့ပြီး အမတ(၄၀၂)မှ တပ်ရင်းမှူး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီတပ်ရင်းမှူးကို ရဟတ်ယာဉ်နဲ့ သယ်ယူကာ ဆေးကုသမှုပေးခဲ့ပေမယ့် မနေ့က သေဆုံးသွားတာလို့ သိရပါတယ်။
ယူကရိန်းရတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းရလျှင်ပင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ဟု တော်လှန်ရေးခေါင်းဆောင်သုံးဦး အသိပေး
မြန်မာနိုင်ငံဟာ ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာရဲ့ကူညီပံ့ပိုးမှုများနဲ့ထိုက်တန်ပြီး ယူကရိန်းရတဲ့ အကူအညီများရဲ့ ၁ ရာခိုင်နှုန်းရလျှင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို လပိုင်းအတွင်းအနိုင်ယူပြီး အောင်ပွဲရယူနိုင်တယ်လို့ တော်လှန်ရေးခေါင်ဆောင်များဖြစ်သော ဗိုလ်ချုပ်ဂွန်မော် ၊ ဦးမင်းကိုနိုင်နဲ့ ဦးရည်မွန်တို့ပူးပေါင်းကာ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဆောင်းပါးရေးသားလိုက်ပါတယ်။ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ မနေ့က ဖော်ပြတဲ့ ‘Like Ukraine, Myanmar Deserves International Aid’ (ယူကရိန်းကဲ့သို့ပင် မြန်မာသည်လည်း နိုင်ငံတကာအကူအညီနှင့်ထိုက်တန်သည်) အမည်ဖြင့် လေ့လာဆန်းစစ်ချက်သဘောထားအမြင်ဆောင်းပါးမှာ KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သောဗိုလ်ချုပ်ဂွန်မော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့က ပထဆုံးအကြိမ် ပူးပေါင်းရေးသားထားတာပါ။ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံတဝန်းရှိပြည်သူများဟာ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရေးကို ဘုံရန်သူအဖြစ်သတ်မှတ်ထားပြီး အရပ်သားအစိုးရအောက်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ဘုံရည်မှန်းချက်ကို ကြိုးပမ်းတည်ဆောက်နေတယ်လို့ ဖော်ပြပါတယ်။

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်ကောင်စီတပ်နှင်ထုတ်
မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေး ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ရွာမှ နှင်ထုတ်လိုက်တာကြောင့် ဒေသခံအားလုံး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ဒေသခံများကပြောပါတယ်။ မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေးရှိ ညောင်ပင်ကုန်း၊ ဂျမ်းဖို၊ ဗန်းလမော့ရွာမှ ဒေသခံပြည်သူများကို ရွာမှထွက်ခွာသွားဖို့ စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက်မှာ အကြောင်းကြားခဲ့တာလို့ ဒေသခံများကပြောပါတယ်။ အဲဒီပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီစစ်ကြောင်းများ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားနေတာဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးတာဝန်ခံကပြောပါတယ်။
ဖောင်းပြင်တိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ် အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်ခွာ
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF-124 က မနေ့က ရုပ်သံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ပါတယ်။ ဒေသတွင်း ရွှေမျှောရှိရာနေရာတစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ရှမ်းနီတပ်၊ ကသဲလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထွက်ခွါသွားတဲ့ ရုပ်သံမှတ်တမ်းကို ဖော်ပြထားတာပါ။ စစ်ကောင်စီတပ် တိုက်ခိုက်မှုကို ဖောင်းပြင်မြို့နယ် စက်တော၊ ဇောင်းကလော ဖောင်းပြင်၊ ဟုမ္မလင်း တော်လှန်ရေးတပ်များက ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ အသိပေးပါတယ်။
ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီစခန်းကို PDF သုံးဖွဲ့ပူးပေါင်း တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟံလင်းမြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း 96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောပါတယ်။ ဇွန်လ ၁၂ ရက် မနက်က ဝက်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့တာပါ။ ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး နှစ်ဥဦးဒဏ်ရာများရရှိခဲ့တယ်လို့ ကျေးရွာဒေသခံများက ပြောပါတယ်။

စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်မှာ မိုင်းမတော်တဆမှုကြောင့် ရဲဘော်နှစ်ဦးကျဆုံး၊ ခြောက်ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တို့မှာ မိုင်းမတော်တဆမှုကြောင့် ပြည်သူ့ကာကာကွယ်ရေး ရဲဘော် နှစ်ဦး ကျဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဇွန်လ ၁၁ ရက် ညနေက စစ်ကိုင်းမြို့နယ်အခြေစိုက် People’s Dictatorship Revolutionary Force တပ်ဖွဲ့မှ ရဲဘော် ကွေကာနဲ့ ရဲဘော် လက်တအုပ်တို့နှစ်ဦး စစ်ဆင်ရေးပြုလုပ်ဖို့ ပြင်ဆင်နေချိန် မိုင်းမတော်တဆပေါက်ကွဲခဲ့ပြီး ကျဆုံးခဲ့တယ်လို့ PDRF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့နေ့ခင်းက ခင်ဦးမြို့နယ်၊ မန်ကျီးတုံရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးမှ ရဲဘော် ခုနစ်ဦးမှာ ပြန်ဆုတ်ခွာချိန် မိုင်းကွဲပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားတယ်လို့ ရွှေဘိုခရိုင် အမှတ်(၂၂)တပ်ရင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
