ရှမ်းပြည်နယ်တောင်ပိုင်းလဲချားမြို့တွင် မြို့ပေါ်လူစည်ကားရာနေရာ၌ ယနေ့(ဇွန်လ ၁၅ရက်) နံနက်ကလူတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများကပြောသည်။
ယနေ့နံနက် ၉ နာရီ ၁၅မိနစ်ခန့်တွင် လဲချားမြို့ ဈေး လမ်းဆုံ၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။
“လူက နွမ်းနွမ်းပါးပါးပုံစံပဲ။ လမ်းကူးနေတုန်းကားပေါ်ကနေ အပစ်ခံရတာ။ ကားကထွက်ပြေးသွားတယ်” ဟု လဲချားမြို့မှ ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ခန့်အရွယ်ဟု သိရသည်။ သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး သေဆုံးသွားခြင်းဟု ဖြစ်စဥ်ကိုမြင်တွေ့ခဲ့သောဒေသခံတစ်ဦးကပြောသည်။
မည်သူက ၊မည့်သည့်အဖွဲ့က ပစ်ခတ်သည်ဆိုခြင်းနှင့်နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။
အကြောင်းမှာလဲချားမြို့နယ်ရှိ SSPP/SSAယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ယခုလအတွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ထားသည်။လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နှင့် ဇွန်လ ၁၁ရက်တွင် အကြောင်းကြားလာခြင်းဖြစ်ပြီး SSPP ဘက်က လက်မခံ၍ စစ်ရေးတင်းမာနေသည်ဟု သိရသည်။ထို့ကြောင့် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အားရာနှင့် ချီ ဖြည့်ထားကြောင်း SSPPကထုတ်ပြန်ထားသည်။
“ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ်ထွက်ပေး လို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို လာကပ်ထားတယ် ။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”ဟု လဲချားဒေသရှိ SSPP/SSA အရာရှိတစ်ဦးက ပြောကြားထားသည်။
