▪︎”စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၁၅ ဦး ကို ကျွန်တော်တို့ အသေးစိတ်မှတ်တမ်းတင်ထား နိုင်တယ်။ ကျန်တာတော့ ဆက်လက်စုံစမ်း ဖော်ထုတ်နေတုန်းပဲ”-မိုးဗြဲPDF တာဝန်ရှိသူ
စစ်ကောင်စီတပ်က မိုးဗြဲမြို့အနီးတဝိုက်ရှိ ဒေသခံပြည်သူ ၂၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအပေါ် အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇွန်လ ၆ ရက်နေ့မှ ဇွန် ၈ ရက်နေ့အတွင်း မိုးဗြဲမြို့ မြောက်ဘက်ရှိ စေတီတော်အနီး ဒေသခံရွာသား ၁၄ ဦးကိုစစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကာတစ်ချိန်တည်းတွင် မိုးဗြဲမြို့နယ်အတွင်းသို့ စစ်တပ်ကမော်တာဖြင့် ပစ်ခတ်၍ ပြည်သူ ၁၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟုသိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သော၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စစ်အုပ်စုနှင့် အပေါင်းအပါများက ကျူးလွန်ခဲ့သော လူ (၅) ဦး ထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၄၇ ကြိမ် ရှိခဲ့ပြီး ၁၅၉၂ ဦး သေဆုံးခဲ့ကြောင်း ဥာဏ်လင်းသစ် သုတေသနအဖွဲ့ကမေလတွင်ထုတ်ပြန်ထားသည်။ ထို့အပြင်တစ်နိုင်ငံလုံးတွင်လေကြောင်းတိုက်ခိုက်မှုပါဝင်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ် ၂၇ ကြိမ်ရှိသည်ဟုဖော်ပြထားသည်။
မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်သတ်ခဲ့သည့်ဒေသခံပြည်သူ ၆ ဦး၏ရုပ်အလောင်းများကို ရှမ်းရွာသားများက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်လူ ၅ ဦး၏ ရုပ်အလောင်းများကိုမူ စစ်တပ်မှ ပစ်သတ်ခံရမည့်အန္တရာယ်များရှိနေသည့်အတွက်ပြန်လည်ယူဆောင်၍ မရရှိသေးကြောင်းသိရသည်။
သေဆုံးသူတစ်ဦးမှာ စေတီတော်ဝန်းအတွင်း၌ လဲကျနေစဉ် ဦးခေါင်းကို ရက်စက်စွာ ပစ်သတ်ခံရသည်ကို ဒရုန်းဗီဒီယိုဖိုင်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်ဟုလည်းNUGကဖော်ပြထားသည်။
ထို့အပြင် သေဆုံးသူသုံးဦးမှာစစ်ကောင်စီတပ်ကဒူးထောက်ခိုင်းပြီးမှ ပစ်သတ်ခဲ့ကြောင်း ပုံစံအနေအထားများ တွေ့ရှိရသည်ဟုအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအသိပေးထားသည်။
ထို့အပြင် အပြစ်မဲ့အခြားရွာသား ၂၀ ဦးမှာလည်းစစ်တပ်ကပစ်ခတ်၍ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ယခုရက်ပိုင်းအတွင်းမှာပင် စစ်တပ်က ဒေသခံပြည်သူများအပေါ် အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။
မိုးဗြဲ PDF တာဝန်ရှိသူက”စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၁၅ ဦး ကို ကျွန်တော်တို့ အသေးစိတ်မှတ်တမ်းတင်ထား နိုင်တယ်။ ကျန်တာတော့ ဆက်လက်စုံစမ်း ဖော်ထုတ်နေတုန်းပဲ”ဟု လူထုနွေဦးသို့ပြောသည်။ အသတ်ခံရသူများတွင် ကလေးငယ်များလည်းပါဝင်သည်။
ယမန်နေ့(ဇွန် ၁၄) ညပိုင်းနှင့် ယနေ့ အစောပိုင်းကလည်း ရှမ်း-ကယား(ကရင်နီ)ဒေသအစပ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး အရပ်သားနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက ဆက်ပြောသည်။
မိုးဗြဲ မြို့ရှိ စစ်ဘေးရှောင်စခန်းနေရာ ကိုဇွန် ၁၄ ရက် ည ၉ နာရီခွဲခန့်ကစ၍ ဆင့်ကွဲလက်နက်ကြီးများ ၁၅ ကြိမ်ထက်မနည်းစစ်ကောင်စီက ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“မနေ့ကညပိုင်းကဘာထိတွေ့တိုက်ပွဲမှမရှိဘဲနဲ့ကိုအကြောင်းမဲ့ ပစ်တာ။ပြီးတော့ ဒီနေ့မနက်လဲ လေယာဥ်နဲ့ အဲဒီအနီးတစ်ဂိုက်ကို လာကျဲတယ်။လော လောဆယ် စာရင်းတွေအရ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်”ဟု အထက်ပါတာဝန်ရှိသူကPeople’s Spring သို့ပြောသည်။
စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲမြို့ကိုထိန်းချုပ်ရန် ဇွန်လဆန်းမှထိုးစစ်ဆင်လာပြီးမြို့တွင်းတပ်စွဲထားသည်။ စစ်ကြောင်းထိုးလာစဥ်တွေ့သောပြည်သူများကိုဖမ်းဆီး၍ သတ်ဖြတ်မှုများဆက်တိုက်ကျူးလွန်နခြင်းဖြစ်သည်။အဆိုပါစစ်ကြောင်းများကိုဒေသခံ ကရင်နီတော်လှန်ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။
ပြည်သူများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် စစ်ကောင်စီသည် ၎င်းတို့၏ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် တာဝန်ခံရမည်ဟု အမျိုးသားညီညွတ် ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန က ဆိုသည်။
ထို့အတူ နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများအား တရားမျှတမှုရှိစေရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်ပေးရန် ဒေါက်တာဆာဆာက တောင်းဆိုသည်။
လက်ရှိ မိုးဗြဲမြို့တွင်စစ်ကောင်စီတပ်ကနေရာအနှံ့တပ်စွဲထားပြီးတိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ကြောင်းလည်း မိုးဗြဲ PDF က အသိပေးသည်။
“ထိတွေ့မှုက နေ့တိုင်းရှိတယ်။အချိန်နည်းတာနဲ့များတာပဲ ကွာတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုကြောင့်ခရီးသွားပြည်သူများအနေ ဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကိုအသုံးမပြုကြရန်နှင့် လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းသော နေရာများတွင် သတိနှင့်နေထိုင်ရန် တိုက်တွန်းသည်။
