ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု(PRF)အစီအစဉ် မှလက်ခံရရှိခဲ့သည့် ရန်ပုံငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့်စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ တိုက်ရိုက်ပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများကို ထောက်ပို့တပ်သားများနှင့်ပြည်သူလူထုသိရှိစေရန် NUGက ယနေ့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဉ် စတင်ချိန် ၂၀၂၁ ဒီဇင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီ ၂၃ရက်အထိ ၁၅လတာအတွင်း အမေရိကန်ဒေါ်လာ ၉.၄၂သန်းလက်ခံရရှိအသုံးပြုခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်သည်။

ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းများထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈သန်း အသုံးပြုခဲ့သည်ဟု အသိပေးသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဉ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၏ တပ်ရင်းထောက်ပံ့စားရိတ်အတွက် ၇၅ ရာခိုင်နှုန်းနီးပါးအထိထောက်ပံ့ပေးနိုင်ခဲ့သည်ဟုဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ် တခုဖြစ်သည့် PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု အစီအစဉ် စတင်ခဲ့သည့်အချိန်မှ ယနေ့ထက်တိုင် လစဥ်မပြတ် ထည့်ဝင်ပေးခဲ့သော ထောက်ပို့မိသားစုဝင်များ၊ နိုင်ငံအလိုက် Fundraiser များနှင့် OFP အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
