အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ဒုတိယမြောက်နေ့အဖြစ်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့နောက်ဧပြီ ၆ ရက်အထိ ဒေသခံပြည်သူ ၅၄၀၀ ကျော်ဟာ ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေး ခိုလှုံနေရတယ်လို့ သိရပါတယ်။
မြဝတီနားက ဘန်တီးကိုတောဧရိယာကို ကရင်တော်လှန်ရေး တပ်တွေက သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တဲ့နောက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာလို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီနေရာဟာ ထိုင်းနယ်စပ်မှာရှိတဲ့ ဘန်ဝမ်ဖာနဲ့ ၃ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ ထိုင်းဖက်ခြမ်းက မဲဆောက်နဲ့ မဲရမတ် ဒေသတွေဆီ ထွက်ပြေး ခိုလှုံနေကြရပါတယ်။ တိုက်ပွဲတွေက လက်ရှိ အချိန်ထိ အပြင်းအထန်ဖြစ်ပွားနေတာကြောင့်လည်း ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။




ထိုင်းနယ်စပ်လုံခြုံရေး အရာရှိ တစ်ဦးက မြန်မာဖက်က တိုက်ပွဲတွေကြောင့် မဲဆောက်နဲ့ မဲရမတ်တို့မှာ လာရောက် ခိုလှုံနေသူ ၅၄၂၈ ဦးထိ ရှိတယ်လို့ Bangkok Postကို ပြောပါတယ်။ အဲဒီထဲမှာ ကလေးငယ် (၈၀၀)ဝန်းကျင်လောက် ပါဝင်ပါတယ်။
ထိုင်းအာဏာပိုင်တွေက မဲရမတ်မှာ ယာယီ ခိုလှုံရေးစခန်း ၄ ခု၊ မဲဆောက်မှာ ၆ ခု စီစဉ်ပေးပြီး မြန်မာဖက်က နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို နေရာချထားပေးတယ်လို့လည်း သိရပါတယ်။မဲရမက်ကနေရာ ၄ ခုမှာ လူဦးရေ ၃၂၆၄ ဦးနဲ့မဲဆောက်ခရိုင်က ၆ နေရာမှာ လူဦးရေ ၂၁၆၄ ဦးကိုယာယီခိုလှုံဖို့စီစဥ်ပေးထားပါတယ်။
တိုက်ပွဲတွေကနေ လမ်းချော်လာတဲ့ ကျည်ဆန်တွေဟာ မဲဆောက်ရော၊ မဲရမတ်ဖက်ကိုပါ ကျရောက်ခဲ့တဲ့အပြင် မြန်မာပိုင် မြဝတီမြို့နားက ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန် စီမံကိန်းကိုပါ ထိခိုက်မှုတွေ ရှိစေခဲ့တယ်လို့လည်း Bangkok Postမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို ရှာဖွေဖို့ ထိုင်းအမှတ် ၁၄ ခြေလျင်တပ်ရင်းက မဲရမတ်ရဲတပ်ဖွဲ့၊ ဒေသတာဝန်ရှိသူတွေနဲ့အတူ လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ ဒုက္ခသည်တွေကို ကူညီဖို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုဂ္ဂလိကကဏ္ဍတို့နှင့်ပေါင်းစပ်လုပ်ကိုင်နေတယ်လို့လည်းဆိုပါတယ်။
Ref: Bangkok Post
