စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း အရပ်သားနှစ်ဦးသတ်ဖြတ်သွားကာ နေအိမ် ၁၇၄လုံးနှင့် စပါးတိုက်အများအပြားကို မီးရှို့ဖျက်ဆီးသွားကြောင်းဒေသခံများကပြောသည်။
ကန့်ဘလူမြို့နယ်မှ လျှော်ဖြူကုန်း၊ဉာဏ်အင်းနှင့် အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းများက ဧပြီ ၂ ရက်မှ ၄ရက်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထုတ်ပြန်သည်။
“ဒီစစ်ေ-းတွေက ပြည်သူကိုပြည်သူလို့ မြင်တာမဟုတ်ဘူး။ မဲမဲမြင်အကုန်ပစ်တာ။ အဒေါ်တို့ကတော့ အသက်မသေဖို့ အရေးကြီးတာပဲ အကုန်ပစ်ချပြေးခဲ့ရတာ” ဟု အင်းလယ်ကြီးရွာမှ စစ်ရှောင်ပြည်သူတစ်ဦးကလည်း ပြောသည်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက လည်း”စစ်ကြောင်းက တောက်လျှောက်ထိုးနေတာ။အဆိုးဆုံးက ဆွံ့အနားမကြားတဲ့ အရပ်သားတွေကို သတ်သွားတာ”ဟု ပြောသည်။

စစ်ကောင်စီတပ်သည် လျှော်ဖြူကုန်းရွာမှ နေအိမ် ၆၀၊ဉာဏ်အင်းရွာမှ နေအိမ် ၄၀နှင့် အင်းလယ်ကြီးရွာမှ အိမ် ၇၄လုံးကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ကန့်ဘလူခရိုင်အတွင်းတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးနေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုချိန်ထိ ကျေးရွာထဲသို့ ပြန်မဝင်နိုင်ဘဲ နီးစပ်ရာတောထဲ တဲတိုက်များတွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။
အင်းလယ်ကြီးရွာကို နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး နေအိမ်များအပြင် စပါးတိုက်အများအပြားပါ ဖျက်ဆီးသွားကြောင်း၊ ဆွံ့အနားမကြားသည့် အရပ်သားပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။ တစ်ဦး၏ ရုပ်အလောင်းကို မီးရှို့သွားသည်ဟု ဆိုသည်။
လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင် စစ်ကောင်စီးစစ်ကြောင်း သုံးကြောင်းရှိနေပြီး ကျေးရွာဆယ်ရွာထက်မနည်းမှ အရပ်သားပြည်သူ သုံးသောင်းကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်ပြည်သူများသည် ယခုချိန်ထိ ကျေးရွာထဲသို့ ပြန်မဝင်နိုင်ဘဲ နီးစပ်ရာတောထဲ တဲတိုက်များတွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။
