စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ဗကသကျောင်းသား အသက် (၂၀) အရွယ် ရဲဘော်ဝဿန်အတွက် ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုခြင်းကို ယနေ့ (ဧပြီ ၄)နံနက် ပခုက္ကူလှုပ်ရှားစစ်ဒေသ၌ ပြုလုပ်ခဲ့သည်။
ရဲဘော်ဝဿနသည် ပြီးခဲ့သည့် ဧပြီ ၂ရက် ညနေ၃နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်း၌ ရန်သူစစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

တပ်ဦး၏တာဝန်ရှိသူများ၊ မဟာမိတ်အဖွဲ့စည်းတချို့နှင့် ပခုက္ကူလှုပ်ရှား စစ်ဒေသမှ တပ်သားရဲဘော်တို့ တက်ရောက်ခဲ့ကြပြီး ရဲဘော်ဝဿန်ကို ဂုဏ်ပြုဦးညွှတ်ခဲ့ကြသည်။
ထို့အပြင် ဝမ်းနည်းခြင်းအဖြစ် တပ်ဦးအလံတော်တဝက်ချခြင်း၊ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

လူထုဒီမိုကရေစီတိုက်ပွဲလမ်းခုလတ်တွင် ရဲဝံ့စွာတိုက်ပွဲဝင်ရင်း ကြွေလွင့်ကျဆုံးသွားသည့် ရဲဘော်ဝဿန် ကဲ့သို့သော ကြေကွဲဆုံးရှုံးမှုများအတွက် ခွန်အားသစ်လောင်းကာ မပြီးပြတ်သေးသော လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် ဆင်နွှဲသွားကြရန်နှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို တတ်စွမ်းသမျှ ဆက်လက်တော်လှန်သွားကြရန် တပ်ဦး၏တာဝန်ရှိသူက ယင်းအခမ်းနား၌ ပြောကြားခဲ့သည်။
