ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာရှစ်မိုင်နှစ်ဖာလုံအရှည်ရှိသည့် ပထမဆုံးသော ကိုယ်ထူကိုယ်ထလမ်း ဖောက်လုပ်ခဲ့ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-ကန်ပက်လက် တပ်မဟာမှုးက ပြောသည်။
မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းကို ယခုလ(မတ်လ)အတွင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
CDF Kanpetlet တပ်မဟာမှုးဆလိုင်းထွန်းလိန်းထန်းက “ ဒီလမ်းကကိုယ်ထူကိုယ်ထလမ်းပထမဆုံးပါပဲ။ စက်မသုံးနိုင်တဲ့အခြေအနေတွေမှာ ဆိုင်ကယ်တွေသွားလို့ရအောင် ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ ကားတွေသွားလို့ရအောင်၊ ပစ္စည်းတွေကဲ့သယ်လို့ရအောင် လုပ်ခဲ့ကြတယ်” ဟု People’s Spring သတင်းဌာနသို့ပြောသည်။
အဆိုပါလမ်းသည် နောင်တစ်ချိန်တွင် ဒေသတွင်းအဓိကသွားလာရေးတွင်အသုံးပြုမည့်လမ်းပိုင်းဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ကန်ပက်လက်မြို့နယ်၏ အရှေ့နှင့်အနောက်ခြမ်းကို အဓိကဆက်သွယ်ထားသည့် ကျင်ဒွေးလမ်းပိုင်းကို စစ်ကောင်စီတပ်က၂၀၂၁ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူများ သွားလာရေးနှင့်စားဝတ်နေရေး အပြင်လူမှုရေးအခက်အခဲများ ကြုံတွေ့နေရသည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယင်းအခက်အခဲများပြေလည်စေရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကိုယ်ထူကိုယ်ထလမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
လမ်းဖောက်လုပ်နိုင်ခဲ့ခြင်းမှာဒေသခံပြည်သူများ၏ ငွေကြေးနှင့် လုပ်အားပါဝင်မှု၊ပြည်ပရောက်နေသူများ၏ဖေးမကူညီမှုနှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။
