ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ရဲတပ်သားတစ်ဦးက သေနတ်နှစ်လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး CDF ကန်ပက်လက်ထံ ဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခဲ့သည်။
ကန်ပက်လက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား ပြည့်ဖြိုးဇင် ကိုယ်ပိုင်အမှတ် လ-၂၆၆၇၂၉ ပြည်သူ့ထံပူးပေါင်းလာသည်ဟု CDFက ယနေ့(စက်တင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
” အလင်းဝင်ချင်တာကို သူကိုယ်တိုင်က ချိတ်ဆက်ကမ်းလှမ်းလာတာ။ ကျွန်တော်တို့က စနစ်တကျပြင်ဆင်ပြီး သွားခေါ်ခဲ့တာ။ သေနတ်တွေရော၊ ကျည်တွေရော ယူလာတယ်။ အခု စိတ်ချရတဲ့နေရာရောက်နေပါပြီ”ဟု CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲတပ်သား ပြည့်ဖြိုးဇင်သည် G3 (၁)လက်၊M16 (၁) လက်၊G3 ကျည်ဘောက် (၃)ခု၊M16 ကျည်ဘောက် (၂)ခု၊7.62 ကျည် (၁၁၀) တောင့်၊ (၉)မမ ကျည် (၅) တောင့်နှင့် ကျည်ကာ တစ်ထည်ကိုပါ ယူဆောင်လာခဲ့ပြီး ပြည်သူ့ထံ ပူးပေါင်းလာခြင်းဖြစ်သည်။
စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်သား နှစ်ဦးလည်း သေနတ် ၂ လက်ယူဆောင်လာပြီး CDM ပြုလုပ်ကာပြည်သူနှင့် ပူးပေါင်းခဲ့သည်။
