စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှ်ုင်ရောက်ရှိနေ၍ လုံခြုံရေးတင်းကြပ်နေချိန် မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထည်များနှင့် ကျပ်သိန်းထောင်ချီပါသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမတ်နေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။
“ မိန်းမတွေလည်းပါတယ်ပြောတယ်။ ငါးယောက် လောက်လာပြီး ဓါးပြတိုက်သွားတာလို့ကြားတယ်။” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
တံခါးစောင့် ရွှေဆိုင်အလုပ်သမားတစ်ဦးကိုလည်း ဓားပြအဖွဲ့၏ ပစ်ခတ်မှုခံခဲ့ရပြီး ဆေးကုသမှုခံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ၁၁ ရက်ကလည်း မုံရွာမြို့ပေါ်ရှိ သိန်းတစ်ရာရွှေဆိုင်ဓါးပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း သုံးသောင်းကျော်တန်ဖိုးရှိ ရွှေထည်များဆုံးရှုံးခဲ့သည်။ သိန်းတစ်ရာရွှေဆိုင်သည် စစ်ကောင်စီတပ်ကင်းချထားသောနေရာနှင့် စစ်ကောင်စီ ယာဥ်ထိန်းရဲတို့အနီး တွင်ရှိပြီး ဓါးပြတိုက်ခံရခြင်းဖြစ်သည်။
မုံရွာမြို့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့လုပ်ရပ်များပိုမိုများပြားလာကာ ယမန်နှစ်၂၀၂၂ အတွင်း ရွှေဆိုင်၊ ကုန်စုံဆိုင်နှင့် နေအိမ်များအပါအဝင် ဓါးပြမှုပေါင်း ၁၂ ခုထက်မနည်းဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။
ဓါးပြတိုက်မှူများတွင် မုံရွာ၌ စစ်ကောင်စီတပ်ကလုံခြုံရေးမြှင့်ထားချိန် ၊စစ်သားနှင့်ပျူရှိနေသောနေရာ အနီးတစ်ဝိုက်တွင် ပိုဖြစ်ပွားလေ့ရှိသဖြင့် ကျူးလွန်သူများမှာ စစ်သား၊ပျူနှင့်၎င်းဆက်နွှယ်သူများဖြစ်ကြောင်းဒေသခံအချို့က သုံးသပ် သည်။
