ကျောက်ထု – မင်းတပ်လမ်း ပြန်လည်အသုံးပြုနိုင်ပြီဟု အသိပေး
မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း ပခုက္ကူမြို့ တပ်မ (၁၀၁)မှထွက်လာသည့် စစ်ကောင်စီယာဉ် ၈၅စီးပါယာဉ်တန်းသည် မတ်လ ၁၆ရက် ညနေပိုင်းတွင် ကျောက်ထု – မင်းတပ်ဘက်သို့ တက်လာရာ မင်းတပ် CDFက ပဒေသာမိုင်း အလုံး ၂၀ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အသိအကျမသိရသော်လည်း စစ်ကောင်စီ ယာဉ်နှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါယာဉ်တန်းထဲမှ ၃၅စီးသည် ပျက်စီးသွားသော ယာဉ်များကို တင်ဆောင်လျက် မတ်လ ၁၈ရက် နံနက်တွင် ကျောက်ထုမြို့သို့ ပြန်ဆင်းသွားကြပြီဖြစ်၍ မင်းတပ် – ကျောက်ထု လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးခဲ့သည်။
“ (စစ်ကောင်စီယာဉ်တန်း) ကျောက်ထုတပ်ထဲ ပြန်ဝင်သွားပြီ။ လက်ရှိ ကျောက်ထုလေယာဉ်ကွင်းထဲရှိဆဲပါ” ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီယာဉ်တန်းသည် ယခုတစ်ခေါက်တွင် မင်းတပ်မြို့အထိသာ လာရောက်ခြင်းဖြစ်ပြီး မတူပီသို့ ဆက်လက်သွားရောက်ခြင်းမရှိပေ။
“ ဒီတစ်ခေါက် အဲဒီဘက်မတက်ကြတော့ဘူး။ မင်းတပ်အထိပဲ တက်လာကြတာ။ အပြန်မှာ ရဲ ၊ စစ်အပြောင်း၊ မိသားစုနဲ့ အချုပ်သားတွေ ပါသွားတယ်” ဟု ဒေသခံက ပြောသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်း မင်းတပ်မြို့သို့ မလာရောက်မီ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၃ရက် ညပိုင်းက မင်းတပ် – မတူပီလမ်း မိုင်တိုင် အမှတ်(၉)နှင့် (၁၄)အကြားတွင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု ၁၃ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။
