ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၄၄)ဌာနချုပ်ဝင်းအတွင်းနှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ပြောသည်။
“ ဒီမနက် ၁၀နာရီမှာ။ တပ်မ(၄၄)ဌာနချုပ်ကိုလည်း ဒရုန်းနဲ့ ပစ်တယ်။ တပ်မ(၄၄)ရဲ့ တပ်မမှူးအိမ်ကိုလည်း ဒရုန်းနဲ့ပစ်တယ်။ထိခိုက်မှုကတော့ လောလောဆယ်ဆယ်တော့ ဘာမှမသိရသေးဘူး” ဟု KNLA တပ်မှူးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA ၊PDF ၊KRF ပူးပေါင်းတပ်များနှင့် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF)တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြောင်း TPDF က ထုတ်ပြန်သည်။
ယနေ့နံနက် တပ်မမှူး နေအိမ်နှင့် တပ်မဌာနချုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်များ အထိအခိုက်မရှိကြောင်းနှင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးကို စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
“ မနေ့က သံတံတားဂိတ် တိုက်ခံရပြီးတော့ စစ်တပ်က လက်နက်ကြီးနဲ့ရမ်းပစ်တယ်။ပြည်သူနှစ်ဦးသေတယ်။ ၁၀ဦးဒဏ်ရာရတယ်။ပြီးတော့ ဒီနေ့လည်း လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်” ဟု ကျိုက်ထို မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့ကလည်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီ၏ သံတံတားဂိတ်မှာ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်တန်းများ၊ စစ်တပ်ဝင်းများနှင့် ဝေးဝေးမှနေပေးကြရန်လည်း TPDFက မေတ္တာရပ်ခံထားသည်။
