စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာအနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ယနေ့(မတ်လ ၂၀ရက်) နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့သည်။
” မနက် ၇နာရီကတည်းက ဆော်နေကြတာ။ တိုက်ပွဲတော်တော်လေး ပြင်းထန်ပါတယ်။ ကျွန်တော်တို့ မြင်နေရတယ်။ ခစ(စစ်ကောင်စီ)စစ်ကြောင်း အထိနာတာသေချာတယ်။ ဒီဘက် (ပြည်သူ့ကာကွယ်ရေးရဲဘော်များ)က ပြောက်ကျားစနစ်နဲ့တိုက်တာ” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
ထို့နောက် နံနက် ၈နာရီခန့်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်သက်နေကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် ထီးချိုင့်နယ်ကို မတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း နည်းမျိုးစုံဖြင့်တိုက်ခိုက်နေသည်။
မတ်လ ၉ရက်က ထီးချိုင့်မြို့ ကျောက်မှော်ကျေးရွာ အနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုတွင် ကားနှင့်ဆိုင်ကယ်အချို့ ဆုံးရှုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို သိမ်းယူပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
နောက်ဆုံးရရှိထားသော သတင်းအရ ကသာမြို့နယ်ဘက်မှ စစ်ကောင်စီတပ် ယာဥ်ငါးစီးသည် ယနေ့နံနက်တွင် ထီးချိုင့်မြို့နယ်ဘက်သို့ ဆင်းလာ၍ ကသာ – ထီးချိုင့်လမ်းဘေးကျေးရွာများ သတိပြုနေထိုင်ကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်ကပြောသည်။
