ဖားကန့်တွင် မတ်လ၁၈ ရက်တွင် စစ်တပ်တိုက်ခိုက်ခံခဲ့ရသည့် လုံးခင်းကျေးရွာ မျောက်ကုန်းနေရာမှ အိမ်များကို စစ်ကောင်စီတပ်က ဘူဒူဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း ဖားကန့်မြို့ခံများကပြောသည်။
မျောက်ကုန်းနေရာမှအိမ်များကိုမတ်လ ၁၉ရက် ညနေ ၅ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ် အင်အား၁၀၀ ခန့်က ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
“ လူတွေကို ထွက်ခိုင်းတယ်။အကုန်ဖြိုချတာ။ အိမ် ၅၀လောက် ဖြိုပြီးနေပြီ။ တိုက်အိမ်တွေလည်းပါတယ်။ ဘယ်သူမှမကပ်ရဲကြဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

မတ်လ ၁၈ရက် ညနေ ၆နာရီခန့်က ဖားကန့်မြို့သို့အဝင် လုံးခင်းကျေးရွာ မျောက်ကုန်းနေရာတွင် ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်၍ တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိ၍ပြည်သူ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှခြောက်ဦးသေဆုံးခဲ့သည်။
“ သူများဘဝတွေ ပျက်သလို အသေဆိုးနဲ့ ပြန်သေကြပါစေ။ စစ်ခေါင်းဆောင်ကစပြီး သူတို့ တဖွဲ့လုံး မီးလိုပူပါစေ” ဟု ဖားကန့် မြို့ခံတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် KIA နှင့် စစ်တပ် တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
