မော်လမြိုင်မြို့ လမ်းဘေးတစ်နေရာတွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်။
ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။
“အလောင်းက ပုပ်နေပြီ။ မြို့ပေါ်မှာဖြစ်တဲ့ လူသတ် အလောင်းဖျောက်မှုဗျ။ ကြောက်စရာသိပ် ကောင်းနေပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ မည်သူဖြစ်သည်ကို မသိရသေးပေ။
မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၃ရက်ကလည်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရသည်။ ယင်းအမှုတရားခံမမိသေးခင် နောက်တစ်ဦး အသတ်ခံရခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့၏အာဏာတည်မြဲရေးမှလွဲ၍ ကျန်သည့်အရာများကို အလေးမထားတော့ဘဲ တရားဥပဒေစိုးမိုးမှုလည်း လုံးဝမရှိတော့ဟု ဒေသခံများက ပြောသည်။
“ပြည်သူတွေလဲ အစစအရာရာ သတိထားကြပါဗျာ။ တရားဥပဒေစိုးမိုးမှု မဲ့လာတော့ ခုတလော ဒုစရိုက်မှုတွေများလာပါတယ်။ ပစ္စည်းလုရုံတင်တွေက တော်သေးတယ်။ ခုဟာတွေက လူပါသတ်နေကြတာ ဆိုးပါတယ်”ဟု မော်လမြိုင်မြို့ခံ ကိုဇင်မိုးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
