ကရင်နီ(ကယား)ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ကတိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့( မတ်လ၁၆ရက်)ညနေ ၅ နာရီမှ ၆ နာရီအထိ ကရင်နီပြည် သံလွင်အရှေ့ခြမ်းရှိ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုအား ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
စစ်တပ်စခန်းအတွင်းခလရ(၁၃၅)ရုပ်အလောင်း၃လောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်း ဆည်းရမိခဲ့ပြီး ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ဖော်ပြထားသည်။
ယခုစခန်းသိမ်းတိုက်ပွဲမတိုင်မီ မတ်လ ၆ ရက်တွင်လည်းကရင်နီကွန်မန်ဒိုတပ်ဖွဲ့က သံလွင်အရှေ့ခြမ်းရှိ ခလရ(၅၄)ဟွေအွမ်စခန်းအား ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သေးသည်။
ဟွေအွမ်စခန်းသိမ်းပိုက်စဥ်က ၆၀မမ (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1(၁)လက်၊ MA-2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း(၆)လောင်း သိမ်းဆည်းရရှိခဲ့သည်။
အလားတူဖေဖော်ဝါရီ ၂၇ရက်ကလည်းစစ်တပ်၏လက်နက်ကြီးစခန်းတစ်ခုကို ကရင်နီတပ်မတော် နှင့် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တို့ပူးပေါင်းကာ ပွိုင့်အမှတ်(၁၄၄၁) စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။
ပွိုင့်အမှတ် (၁၄၄၁)စခန်းမှ ၁၂၀မမ(၁)လက်၊၉မမ(၁)လက်၊ အာပီဂျီ-၇(၁)လက်၊ ငါးကျင်းမြီးစက်လတ်(၁)လက်၊ အမ်အေ-၂ (၃)လက်၊ အမ်အေ-၄(၁)လက် အမျိုးအစားမသိရသေးသည့်လက်နက်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။
ထို့အပြင် မတ်လဆန်းပိုင်းမှစ၍ ကရင်နီဒေသအနှံ့စစ်ကြောင်း ၁၂ ကြောင်းဖြင့် ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်းတိုက်ပွဲများ၌သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။
