ချင်းပြည်နယ် ပလက်ဝနယ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ပလက်၀ CDFက သတင်းထုတ်ပြန်သည်။
လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။
ထေဘွေ့ စခန်းသို့ အင်အားဖြည့်တင်းရန်လာသည့် အဆိုပါ စစ်ကောင်စီတပ်ကို ယမန်နေ့မတ်လ ၈ရက်လည်း ချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပလက်၀ CDF တာဝန်ရှိသူက ယမန်နေ့တွင် ပြောကြားထားသည်။
“ ထေဘွေ့စခန်းကိုအင်အားဖြည့်တာခုနဲ့ဆို (၂)ကြိမ်ရှိပါပြီ။အင်အားဖြည့်တိုင်းလည်း ကြားဖြတ်တာတွေအမြဲ လုပ်ပါတယ်။ခုဟာက ဒုတိယ အကြိမ် အင်အားဖြည့်တာပါ။” ဟု CDF ပလက်ဝတာဝန်ရှိသူတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။
အင်အားဖြည့်တင်းရန်လာသည့် စစ်ကြောင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သည် ဟု ဆိုသည်။
