▪︎CDSOMမှဒဏ်ရာအပြင်းအထန်ရခဲ့သောတိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦး အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဟုဆို
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့(CDSOM)၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်အင်အားချင်းမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း CDSOM ၏ပြန်ကြားရေးအရာရှိက ပြောသည်။
CDSOMစခန်းကို စစ်ကောင်စီတပ်က မတ်လ ၅ရက် ညနေတွင် စစ်ကြောင်းသုံးကြောင်းဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ အင်အားအလုံးအရင်းအပြင် RPG တွေ၊ စက်လတ်တွေ၊ ဒရုံးဖျက် jammer တွေနဲ့ တိုက်တာ။ ဒရုန်းနဲ့ ပြန်တိုက်ပေမယ့် သူတို့က Jammer တွေနဲ့မို့ ဒရုန်းမဆုံးအောင်တောင် မနည်းပြန်လုပ်ခဲ့ရတယ်” ဟုပြန်ကြားရေးအရာရှိကPeople’s Spring သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီတပ်သည် CDSOM စခန်းအား မစီးနင်းခင် မြောင်မြို့နယ် ပတ်ပတ်လည်တွင် အင်အားအများအပြားချထားပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ဆမြိတ်ခုံဘက်တွင် အင်အား ငါးရာခန့်၊ ရေလယ်ကျွန်းဘက်တွင် အင်အား နှစ်ရာခန့်နှင့်ချောင်းဇင်ရွာအနီးပျူရွာတွင် အင်အားတစ်ရာခန့်ဖြန့်ကျက်ထားပြီးလက်နက်ကြီး၊လက်နက်ငယ်များ သုံးကာ စီးနင်းတိုက်ခိုက်ခဲ့သည်ဟုတိုက်ပွဲဝင်ခဲ့သောPDF တစ်ဦးကပြောသည်။

” မြောင်နယ်မှာစစ်ကောင်စီကငြိမ်နေတာကြာပြီ။ ကျွန်တော်တို့(ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ) တွေကလည်း အခြားနယ်ကတိုက်ပွဲတွေကို သွားကူနေချိန် CDSOM စခန်းကို ဝင်စီးတာမို့ အလစ်အငိုက်ခံလိုက်ရတဲ့သဘောပဲ” ဟု မြောင်မြို့နယ်မှ PDFတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။
စခန်းအား စီးနင်းတိုက်ခိုက်မှုတွင် CDSOM ၏ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပြီးကျန်ရဲဘော်နှစ်ဦးအသေးစား ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ယခုအခါ တိုက်ခိုက်ရေးခေါင်းဆောင်၏ ဒဏ်ရာ အခြေအနေ သက်သာလာပြီး အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေကို ကျော်လွန်ခဲ့ပြီဟု ပြန်ကြားရေးအရာရှိကသည်။
အခြားသတင်းတပ်ရပ်တွင် မြောင်မြို့နယ်တွင်ရွာများကို မီးရှို့ဖက်ဆီးပြီး CDSOM စခန်းကို စီးနင်း၍ပြန်လာသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်သည့် စုစုပေါင်း အင်အား ၃၀၀ ပါသည့် စစ်ကြောင်း၃ ကြောင်းအား မြစ်ငယ်PDF အပါအဝင် PDF များက မတ်လ ၆ ရက်နှင့် ၇ ရက် ၂ ရက်ဆက်ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တစ်ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်းမန္တလေးခရိုင်အမှတ်(၅)တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံကPeople’s Spring သို့ပြောသည်။
