▪︎ထိန်းသိမ်းရေးစခန်းတွင် ၈၁ ဦးကျန်နေဆဲ
အိန္ဒိယနိုင်ငံ ၊မဏိပူရ်ပြည်နယ် ၊အင်ဖာထိမ်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခံထားရသောမြန်မာစစ်ဘေးရှောင်၈၀ကျော်အနက်သုံးဦးမှာအာမခံဖြင့်ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ထိန်းသိမ်းခံထားရသူများအနက်မှ အသက် ၂၀နှင့် ၂၃နှစ်အရွယ် လူငယ်နှစ်ဦး၊ အသက်(၇၀)နှစ်အရွယ်တဦးတို့သည် မတ်လ (၃) နေ့တွင် လွတ်မြောက်လာခဲ့ခြင်းဟု ထိန်းသိမ်းခံထားရသူများအရေး ဆောင်ရွက်ပေးနေသော Burma Refugee Committee Kabaw Valley၏ နာယက ဦးထန်ဆေးကပြောသည်။
“ အသက်ကြီးပြီးကျန်းမာရေးမကောင်းလို့ရှေ့နေကအာမခံလျှောက်ပေးတာပါ။ နောက်ပြီးအသက်ငယ်ကျောင်းသားမို့အာမခံပေးတာမျိုးပါ” ဟု ဦးထန်ဆေးကပြောသည်။
အင်ဖာမြို့တွင် လူငယ်ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံသားစစ်ဘေးရှောင်လူငယ်ကိုးဦးနှင့် လူကြီးထိန်းသိမ်းရေးစခန်းတွင် ၇၂ ဦး ရှိနေဆဲဖြစ်သည်ဟုသိရသည်။

ကျန်ရှိနေသူများကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးရန် Burma Refugee Committee Kabaw Valleyက တောင်းဆိုသည်။
” အသက်မပြည့်သေးတဲ့လူငယ်တွေ၊ကျောင်းသားအရွယ်တွေ၊ အသက်ကြီးပြီးကျန်းမာရေးမကောင်းသူတွေကိုအာမခံပေးပြီးလွှတ်ပေးစေလိုပါတယ်” ဟုဦးထန်ဆေးကပြောသည်။
အင်ဖာထိန်းသိမ်းရေးစခန်းတွင်ရှိနေသူများမှာမြန်မာနိုင်ငံ တမူးမြို့နှင့်နယ်စပ် မိုးရေးမြို့တွင်ဇန်နဝါရီလ ၂၆ရက်နှင့် ၃၀ရက် နေ့က အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးသွားသူများဖြစ်သည်။ တရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ နိုင်ငံခြားသားဥပဒေ ပုဒ်မ (၁၄) ဖြင့်ဖမ်းဆီးတရားစွဲပြီး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံထားရခြင်းဖြစ်သည်။
ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူများအနက် အသက် (၃၂)နှစ်အရွယ် ကိုဒဲမ်ခိုလွန်းသည်ဖေဖော်ဝါရီလ ၂၅ရက် ညပိုင်းတွင်ရုတ်တရက်သေဆုံးသွားခဲ့သည်။နှလုံးရောဂါကြောင့်သေဆုံးခြင်းဟု ထိန်းသိမ်းရေးစခန်းတာ
ဝန်ရှိသူများကပြောထားသည်။ ကိုဒဲမ်ခိုလွန်း၏ မိသားစုဝင်များကမူ နှလုံးရောဂါဖြင့်သေဆုံးသည်ဆိုခြင်းအပေါ် မယုံကြည်နိုင်ဘဲ မဏိပူရ်ပြည်နယ်အစိုးရအနေဖြင့် ဥပဒေအတိုင်း ဖြေရှင်းထောက်ပံ့ ပေးရန်တောင်းဆိုထားသည်။
အင်ဖာထိမ်းသိမ်းရေးစခန်းတွင်ဖမ်းဆီးခံထားရသူများ ပြန်လည်လွှတ်ပေးရေးနှင့် မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံခွင့်ပြုရန်မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ Burma Refugee Committee Kabaw Valley က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စာရေးသားတောင်းဆိုခဲ့သည်။Burma Refugee Committee Kabaw Valley အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများပါဝင်ပြီး စစ်ဘေးရှောင်များအရေး ကူညီလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် သုံးထောင်ကျော် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။
