မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ် ၊ညောင်လှဆိပ်ကမ်းမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရင်းပျောက်ဆုံးနေတဲ့ကလေး ၄ ဦးအနက် ၁ ဦးကို သေဆုံးလျှက်ပြန်တွေ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံကသိရပါတယ်။
ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။
ဖြစ်ဖြစ်ချင်း ၅ ဦးကို ကယ်ဆယ်လိုက်နိုင်ပေမယ့် ၄ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေရာမှာ ဒီနေ့မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ ကလေး ၁ ဦးကိုသေဆုံးလျှက် ပြန်တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ကျန်ရှိတဲ့ အသက် ၄နှစ်၊ ၅နှစ်နဲ့ ၁၆နှစ်အရွယ် ၃ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးတွေ ရေနစ်တဲ့ ဆိပ်ကမ်းဟာ ရေအနက် ဝါးနှစ်ပြန်ခန့်နက်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာတော့ ရေနံချောင်းမြို့နယ်မီးသတ်အပါအဝင် လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။
