စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်ဝင်စီးချိန်ကမပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ဗုံးသီးပစ်လောင်ချာကျည်ကို အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ကောက်ယူလာရာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ မနေ့ မတ်လ ၅ ရက် နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးထံကသိရပါတယ်။
သေဆုံးခဲ့ရတဲ့ ကလေးငယ်ဟာ ခင်ဦးမြို့နယ် ၊ အလယ်ရှိုကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူးဖြစ်ပါတယ်။
နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ကလေးငယ် ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကဆိုထားပါတယ်။
အလားတူဖြစ်ရပ်ဆိုးဟာ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်ကဖြစ်ပွားခဲ့တာရှိပါတယ်။
ရင်ပေါင်တိုင်ရွာကို စစ်တပ်ဝင်စီးချိန် မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ၄၀ မမ ဗုံးသီးကျည်ကိုဆော့ကစားရာကနေပေါက်ကွဲမှုဖြစ်ပြီး အသက် ၅ နှစ်အရွယ် နဲ့ ၁၀ လသားအရွယ် ကလေး ၂ ဦးသေဆုံးခဲ့ရတာပါ။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ ၃ ပုံ ၁ ပုံကျော်ဟာ ကလေးငယ်တွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက ဆိုထားပါတယ်။
