စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုနှင့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (မတ်လ ၅ ရက်) မွန်းလွဲ ၂နာရီခန့်က ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက် (၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးသည် နွားကျောင်းနေရာမှ 79 ကျည်ဖူးအား ကောက်ယူခဲ့ကြောင်း၊ အဆိုပါကျည်ဖူးမှာ ဖေဖော်ဝါရီအတွင်းက စစ်ကောင်စီစစ်ကြောင်းထိုးစဥ် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကလေးငယ်သည် အဆိုပါကျည်ဖူးအား ကျေးရွာအစွန် နေအိမ်တစ်ခုရှိ အုတ်ကန်ပေါ်တင်ထားရာ မတော်တဆ လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (မတ်လ ၆ ရက်)တွင်လည်း ရေဦးနယ် အောင်သာယာ ပျူစာထီးကျေးရွာ ရောက်ရှိနေသည့် အင်အား၁၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခင်ဦးနယ် မုံလှကျေးရွာက ၈နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးမှန်၍ သေဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ ရေဦး-ခင်ဦး-ကန့်ဘလူအစပ် ကန့်ဘလူနယ် ကျီစုရွာဘက်ကနေ စစ်ကြောင်းလာလို့ ခင်ဦးနယ် ငါးရုံကြီးရွာ၊ ရှားတောရွာ၊ မုံလှရွာတို့ကနေ တောထဲတိမ်းရှောင်လာတဲ့ ပြည်သူတွေကို လိုက်ပစ်တာ။” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ခင်ဦးနယ် ကလုံကျေးရွာဘက်မှ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်များအတွင်းသို့ စစ်ကြောင်းထိုးသတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာနေသည်။
ထို့အပြင် ရွှေဘိုမြို့နယ်တွင် ပျူစောထီးရွာမှ တစ်ရွာသို့ ကူးသန်းလာသော စစ်ကောင်စီ၏ တပ်ကြပ်နှင့်ပျူအဖွဲ့ဝင်တစ်ဦးအား မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ခြေထောက်ပြတ်ပြီး ပျူတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။
ယမန်နေ့ (မတ်လ ၅ ရက်) မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ကြပ်ငစိုးဆိုသူနှင့် ပျူ ဝေဠုတို့သည် ဆိုင်ကယ်ဖြင့် ညောင်းကိုင်ပျူကျေးရွာမှ တပ်စွဲထားသော ဇီးဖြူကုန်းရွာသို့အပြန် ဂျိုးမြေဇင်းနှင့် မြို့လှရွာအကြားတွင် မိုင်းထိခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က ပြောသည်။
တပ်ကြပ်ငစိုးမှာ ခြေထောက်ပြတ်ထွက်သွားကာ ဆေးရုံတင်ထားပြီး အသက်အန္တရာယ်ထိခိုက်နိုင်ကာ ပျူဝေဠုမှာ ပွဲခြင်းပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့တာဝန်ခံက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးအား မဟူရာ ရွှေဘိုသား-(LPDF)၊ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(.T)- SHWEBO (LPDF)အဖွဲ့ ၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဆိပ်ခွန်ကျေးရွာအနောက်ပိုင်းတွင် ဒေသတွင်း PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
