စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လက်ပံလှကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးစဥ် (၇၀)အရွယ် သီလရှင်ဆရာတစ်ပါးလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁၃ရက် ညနေ ၃နာရီခန့်က ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာအား စစ်ကောင်စီတပ်နှင့် မကျီးတုံကျေးရွာမှ ပျူစောထီးများပါသည့် အင်အား၁၀၀ခန့်စစ်ကြောင်းသည် ကျေးရွာနေအိမ်၂၅၀ကျော်အား မီးလောင်ဗုံးများ၊ရေနံဆီမီးစာများဖြင့်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထိုသို့မီးရှို့ဖျက်ဆီးစဥ် အဆိုပါ ကျေးရွာရှိ အသက်(၇၀)နှစ်အရွယ် သီလရှင်ဆရာလေးတစ်ဦးကိုလည်း နေအိမ်အတွင်း၌ မီးရှို့သတ်ဖြတ်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
မီးရှို့သတ်ဖြတ်ခံရသူ သီလရှင်မှာ ဒေါ်ဆိတ်ဟုအမည်ရပြီး AAPP ပြုစုထားသောစာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၃,၀၀၀ ဦးမြောက်ဖြစ်ကြောင်း AAPP က ဖေဖော်ဝါရီ ၁၇ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အသတ်ခံရတဲ့ဆရာလေးက အသက်ကြီးမှ သီလရှင်ဝတ်ခဲ့တာလို့သိရပြီး ကျေးရွာရှိ နေအိမ်မှာဘဲ သီတင်းသုံးခဲ့တာပါ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ၁၅ရက်ကချောင်းဆုံကျေးရွာအား မီးတင်ရှို့ခဲ့ပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်)တွင် ခင်ဦးမြို့ပေါ်သို့ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။
အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့မီးရှိုဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၆၆)ရွာက နေအိမ်ပေါင်း ၄,၀၀၀ကျော် ပြာကျပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ရဲဘော်နှင့် ဒေသခံပြည်သူ ၂၅၀နီးပါး ရှိပြီဖြစ်သည်။
