မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ဒီလဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ထောင်ပြောင်းလိုက်တယ်လို့ ထောင်ပြောင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။
ထောင်ပြောင်းခံရသူအမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက အကျဉ်းသူအချင်းချင်း စကားများမှုမှာ ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက် ညှင်းပမ်းမှုကို ခံခဲ့ရသူအများစုပါဝင်တယ်လို့သိရပါတယ်။
ထောင်ပြောင်းတာကို ပြီးခဲ့တဲ့ စနေနေ့ က လုပ်ခဲ့တာဖြစ်ပြီး သာယာဝတီ ၊တောင်ငူ၊မကွေး နဲ့ မြင်းခြံထောင်တွေကို ပြောင်းခံတာပါ။

ဒီလိုထောင်ပြောင်းခံရသူ အမျိုးသမီးအရေအတွက်ကို ကိန်းဂဏန်းအတိအကျမသိရပါဘူး ။
“ထောင်ပြောင်းရမယ်ဆိုတာ ကြိုမသိတဲ့အတွက် သူ့အတွက် ဘာမှမစီစဉ်ပေးလိုက်နိုင်ဘူး” လို့ နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီလ ဖေဖော်ဝါရီ ၃ရက် ၃ နာရီဝန်းကျင်က အိုးဘိုထောင် အိပ်ဆောင် အမှတ် (၁ )အမျိုးသမီး နိုင်ငံရေးအကျဉ်းသူအချို့ အချင်းများတာကို အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေဟာ ပြေလည်အောင်မဖြေရှင်းပေးဘဲ အကျဉ်းထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ နိုင်ကျဉ်းအမျိုးသမီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၂၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
