ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရာအိမ်မှူးတွေစုဝေးနေချိန် မနေ့ညနေပိုင်းကပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရသွားပါတယ်။
သေဆုံးသွားတဲ့ ရာအိမ်မှူး ၂ ဦးဟာ အသက် ၄၆ နှစ်အရွယ် နဲ့ အသက် ၆၀ အရွယ်တွေရှိကြပါပြီ။
ဒဏ်ရာရသူ ၄ ဦးမှာ ရာအိမ်မှူး ၂ ဦး ၊ဆယ်အိမ်မှူး ၁ဦးနဲ့ ဆိုင်ကယ်ကယ်ရီသမားတို့ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဒဏ်ရာရသူ ရာအိမ်မှူး ၂ ဦးအနက် ၁ ဦးဟာအသက် ၂၈ နှစ်အရွယ်အမျိုးသမီးရာအိမ်မှူးဖြစ်ပါတယ်။
ဒီလို ရာအိမ်မှူးတွေစုဝေးနေချိန် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ သေနတ်အတိုကိုင်ထားတဲ့အမျိုးသား ၃ ဦး ရုံးထဲဝင်လာပြီး ပစ်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။
ဒီပစ်ခတ်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြု ထုတ်ပြန်ထားတာတွေ့ရပါတယ်။
