▪︎စစ်အုပ်စုဖြိုချဖို့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ လက်တွဲချိန်ရောက်ပြီလို့ ယာယီသမ္မတပြော
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အမြန်ဆုံးပြေလည်မှုရရှိအောင် ဆက်ဆံဖို့ နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုများတည်ဆောက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ အမြန်ဆုံးပြေလည်အောင် ဆက်ဆံဖို့နဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံရေးကတိကဝတ်များကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ ယာယီသမ္မတက အစိုးရအဖွဲ့ကို တိုက်တွန်းပါတယ်။ အကြမ်းဖက်အုပ်စုဟာ ၎င်းတို့ရဲ့ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူများအကြား သွေးခွဲခြင်း၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတက သတိပေးပါတယ်။

▪︎စစ်တပ်ရဲ့ လေကြောင်း၊ ကြည်းကြောင်းထိုးစစ်ဆင်မှုကို MDY-PDF အောင်မြင်စွာ ခုခံ
စစ်ကောင်စီတပ်က တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြုတိုက်ခိုက်သလို မြေပြင်မှလည်း တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်လာမှုကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MPDF)က ရင်ဆိုင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်အထိနာစေခဲ့တဲ့ တိုက်ပွဲရုပ်သံမှတ်တမ်း ဒီနေ့ထွက်ပေါ်လာပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင်က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ၆ နာရီကျော်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲမှတ်တမ်းကို Voice of Mandalay-PDF ဖေ့ဘုတ်စာမျက်နှာက ဒီနေ့ လွှင့်တင်ခဲ့တာပါ။ စစ်ကောင်စီတပ်မှ Mi 35 ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၊ YAK 130 တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုများကို PDF များက တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ခုခံတိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။


▪︎မန္တလေးနဲ့ စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီစခန်း၊ စစ်သင်္ဘောကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ် စခန်းနဲ့ စစ်သင်္ဘောကို တစ်ညတည်း ၃ နာရီကျော်ခြားပြီး တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ဆီမီးခုံဆိပ်ကမ်းမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘောတစ်စီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောပေါ်ရှိ စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၃)က အသိပေးပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် သန်းခေါင်ကျော်မှာလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ ၁၀၀ ခန့်ရှိတဲ့နေရာကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

▪︎ငါန်းဇွန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDF များတိုက်ပွဲဖြစ်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ ဒေသတွင်းPDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ငါန်းဇွန်(ပကဖ)အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မနေ့ ညပိုင်းက ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်အုပ်စုဘက်က ဗိုလ်ကြီး နန္ဒာမင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ထံမှ MA 2 သေနတ်တစ်လက်၊ ဖုန်းတစ်လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို ဖော်ပြပါတယ်။
▪︎KNUတပ်မဟာ(၃)နယ်မြေကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး၊ သားနဲ့သမီးငယ်တို့ ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) အတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၎င်းရဲ့ ကလေး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ထမင်းစားနေသည့် အသက် (၃၈)နှစ်အရွယ် မမြင့်မြင့်ဆန်းနဲ့ အသက် (၁၂)နှစ်အရွယ် သမီး၊ အသက် (၅) နှစ်အရွယ် သားငယ်တို့ ထိခိုက်ပြီး မိခင် မမြင့်မြင့်ဆန်းမှာ ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ သားဖြစ်သူ မောင်ရန်လင်းထက်မှာ ဘယ်ဘက်ခြေထောက်ကို ဖြတ်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪︎စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ဟု HRS အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းနဲ့ သထုံကြားမှာ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး ပျက်စီးတဲ့ ကားများလာဆွဲတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့က မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီယာဉ်တန်းကို သထုံနဲ့ ဘီးလင်းမြို့ကြား ကမာစိုင်ရွာသစ်အနီး ပူးပေါင်းတပ်ဖွဲ့က မိုင်းသုံးလုံးဆွဲ တိုက်ခိုက်ခဲ့တဲ့အပြင် (၄၀)မမ ဗုံးသီး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ HRSက ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ခုနစ်ဦးသေ၊ လေးဦးဒဏ်ရာရပြီး ကားသုံးစီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နဲ့ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ဖို့ JFM တိုက်တွန်း
ဥရောပသမဂ္ဂရဲ့ မနေ့က ပိတ်ဆို့အရေးယူမှုဟာ မြန်မာစစ်တပ်ရဲ့ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်တဲ့အတွက် ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နဲ့ကနေဒါတို့က ပစ်မှတ်ထားပိတ်ဆို့ဖို့ Justice For Myanmar က ထုတ်ပြန်တိုက်တွန်းပါတယ်။ မနေ့က အီးယူရဲ့ ပိတ်ဆို့အရေးယူမှုမှာ လူပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း ၇ ခု ပါဝင်ပါတယ်။ လူပုဂ္ဂိုလ် ၉ ဦးမှာ Myanmar Chemical and Machinery(MCM)ကုမ္ပဏီဥက္ကဌ အောင်လှိုင်ဦး၊ Yadanarpon Aviation Support Company and Suntac Group of Companies ဒါရိုက်တာ စစ်တိုင်းအောင်၊ Sky Avaiator ဒါရိုက်တာ ကျော်မင်းဦး၊ စစ်တပ်(ရေချုပ်)မိုးအောင်၊ စစ်တပ်(ညှိကွပ်)မောင်မောင်အေး၊ ရန်ကုန်တိုင်းစစ်ကောင်စီစီးပွါးရေးဝန်ကြီး မျိုးမြင့်အောင်၊ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ကိုကိုမောင်၊ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး တို့ဖြစ်ပါတယ်။ အဖွဲ့အစည်း ၇ ခုမှာ စစ်တပ်ရဲ့ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့နဲ့ Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited(IGG)၊ Sky Aviator Company Limited တို့ဖြစ်ပါတယ်။


▪︎စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်အပြည့်အစုံနဲ့ အလင်း၀င်လာ
ချင်းပြည်နယ်၊ ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ စစ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDF-Hakha ထံ အလင်း၀င်လာခဲ့တယ်လို့ CDF-Hakha ကထုတ်ပြန်ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားနှစ်ဦးဟာ MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး ၄လုံးနဲ့ ၆၀မမ ဗုံးသီး ၃ခု ကို CDF-Hakha ထံ အပ်နှံခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီလို လက်နက်အပြည့်အစုံနဲ့ အလင်း၀င်လာသူ ရဲဘော် နှစ်ဦးကို ကျပ်သိန်း ၃၀စီ ဆုငွေချီးမြှင့်ကာ လုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသတွင်း The Chin Journal က ဖော်ပြပါတယ်။

