▪︎စစ်ကောင််စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်း
ဥရောပသမဂ္ဂ၏ ယခုတကြိမ်အရေးယူမှုသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့်အတွက် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်သည်။
ယမန်တွင် ထုတ်ပြန်ကြေညာသော အီးယူ၏ ပိတ်ဆို့အရေးယူမှုတွင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခု ပါဝင်သည််။ လူပုဂ္ဂိုလ် ၉ ဦးမှာ Myanmar Chemical and Machinery(MCM)ကုမ္ပဏီဥက္ကဌ အောင်လှိုင်ဦး၊ Yadanarpon Aviation Support Company and Suntac Group of Companies ဒါရိုက်တာ စစ်တိုင်းအောင်၊ Sky Avaiator ဒါရိုက်တာ ကျော်မင်းဦး၊ စစ်တပ်(ရေချုပ်)မိုးအောင်၊ စစ်တပ်(ညှိကွပ်)မောင်မောင်အေး၊ ရန်ကုန်တိုင်းစစ်ကောင်စီစီးပွါးရေးဝန်ကြီး မျိုးမြင့်အောင်၊ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ကိုကိုမောင်၊ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး တို့ဖြစ်သည်။


အဖွဲ့အစည်း ၇ ခုမှာ စစ်တပ်၏ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့နှင့် Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited(IGG)၊ Sky Aviator Company Limited တို့ဖြစ်သည်။
“အထူးသဖြင့် အမေရိကန်အစိုးရအနေနဲ့ အီးယူ၊ ဗြိတိန်၊ ကနေဒါတို့လို မြန်မာစစ်တပ်ရဲ့ လေယာဥ်ဆီထောက်ပံ့ကွင်းဆက်ကို ပစ်မှတ်ထားပိတ်ဆို့တာကို လိုက်ပါဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။ နောက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့အနေနဲ့ အီးယူနဲ့အတူ စစ်တပ်ရဲ့နိုင်ငံခြားဝင်ငွေရလမ်း အကြီးမားဆုံးရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။



ထို့အပြင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့အနေဖြင့်လည်း စစ်ကောင်စီနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှုကို အဆုံးသတ်ရန်နှင့် စစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် JFM က တိုက်တွန်းသည်။
