မြို့နယ်ရဲမှူးက လဝကမှူးကိုသေနတ်ပစ်နည်းသင်ပေးစဥ် ကျည်ထွက်ကာ လဝကဦးစီးမှူးဒဏ်ရာရ
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မြို့နယ်ရဲမှူးက မြို့နယ်လူဝင်မှုကြီးကြပ်ရေး(လဝက)ဦးစီးမှူးကို သေနတ်ပစ်ခတ်နည်းလက်တွေ့သင်ပေးနေစဉ် ကျည်ဆန်ထွက်သွားပြီး လဝကဦးစီးမှူးကို ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ပန်းတောင်းမြို့၊ မီးသတ်လမ်းဆုံအနီးရှိ Home Tea Shop လက်ဖက်ရည်ဆိုင်မှာ ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့တာပါ။ Home Tea Shop လက်ဖက်ရည်ဆိုင်အတွင်းမြို့ရှိ ရဲတပ်ဖွဲ့ နဲ့ လဝကဝန်ထမ်းများအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိအချို့ စုဝေးထိုင်နေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှူးက သေနတ်ပစ်ခတ်နည်း သင်ပေးခဲ့တာလို့ မျက်မြင်တစ်ဦးကပြောပါတယ်။

မုံရွာ လဝကရုံးကို လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ရုံးကို လောင်ချာနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးတယ်လို့ မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force အဖွဲ့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာမြို့နယ် လဝက ရုံးရှိ စစ်ကောင်စီတပ်သားများကို လောင်ချာနဲ့ သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာမှာ သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ဖြိုဖျက်သွားမှာဖြစ်လို့ ပြည်သူများ တတ်နိုင်တဲ့ဘက်မှ ကူညီထောက်ပံ့ပေးဖို့ Lightning People Defence Forceက မေတ္တာရပ်ခံပါတယ်။

ကန့်ဘလူမှာ အမျိုးသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်း မီးရှို့သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက အမျိုးသားနှစ်ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေတာကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ ထန်းကုန်းတိုက်နယ် အင်းလယ်ကြီးကျေးရွာမှာ ညအိပ်တဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၈)နဲ့ ပျူစောထီး အင်အား ၁၂၀ ခန့်ဟာ မနေ့ မနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထွက်လာခဲ့တာပါ။ မီးရှို့သတ်ဖြတ်ခံရသူ အမျိုးသားနှစ်ဦးဟာ အသက် ၂၂ နှစ်နဲ့ ၃၂ နှစ် အရွယ်တွေဖြစ်ပြီး စစ်ရှောင်ပြည်သူတွေဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အိန္ဒိယ ဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးရှောင်များ ပြန်လွတ်မြောက်ရေး ကြိုးစားနေဟု လွှတ်တော်အမတ်ပြော
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့မှာ သက်ကြီးရွယ်အိုလေးဦးအပါအဝင် မြန်မာနိုင်ငံသား ၈၀ ကျော်ဖမ်းဆီးခံထားရတာကြောင့် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထန်ဆေးက ပြောပါတယ်။ မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နဲ့ ၃၀ မှာဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုမှာ ထိမ်းသိမ်းထားတာပါ။ ဖမ်းဆီးခံထားရသူတွေထဲ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်ကိုးဦးနှင့် အသက် ၇၀ကျော် သက်ကြီးရွယ်အို လေးဦးပါဝင်တယ်လို့ ဦးထန်ဆေးက ပြောပါတယ်။

ခင်ဦးနယ် လက်ပံလှရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီး သီလရှင်တစ်ပါးကို မီးရှို့သတ်ဖြတ်သွား
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးစဥ် အသက်(၇၀)အရွယ် သီလရှင်ဆရာတစ်ပါးလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်နဲ့ မကျီးတုံကျေးရွာမှ ပျူစောထီးများပါတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းဟာ ကျေးရွာနေအိမ် ၂၅၀ ကျော်ကို မီးလောင်ဗုံးများ၊ ရေနံဆီမီးစာများနဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ မီးရှို့သတ်ဖြတ်ခံရသူ သီလရှင်မှာ ဒေါ်ဆိတ်ဟုအမည်ရပြီး နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ပြုစုထားတဲ့စာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၃,၀၀၀ ဦးရှိပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်သင်္ကြန်အတွက် ရပ်ကွက်တစ်ခု ကျပ်နှစ်သိန်းကောက်ခံဖို့ စစ်ကောင်စီညွှန်ကြား
ရန်ကုန်မြို့မှာ သင်္ကြန်ပွဲတော်ကာလမဏ္ဍပ်များဆောက်လုပ်ဖို့နဲ့ ပျော်ပွဲ၊ ရွှင်ပွဲများကျင်းပဖို့ ရပ်ကွက်တစ်ခုကို ကျပ်နှစ်သိန်း ကောက်ခံဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောပါတယ်။ အဲဒီညွှန်ကြားချက်မှာ တိုင်းစစ်ဌာနချုပ်မှတဆင့် တိုင်းအစိုးရအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးများကို နှုတ်မိန့်နဲ့ ကနဦးပြောထားတာပါ။ မြို့နယ်ရှိ ငွေကြေး အဆင်ပြေသူများထံ စစ်ကောင်စီက ငွေကြေးကောက်ခံမှာလို့လည်း အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ဒီမိုကရေစီကိုသွေဖီတဲ့ မျိုးနွယ်စု အခြေပြု အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ဖို့ ကြိုးပမ်းမှု ရှောင်ရှားဖို့ ချင်းတပ် CNO/CNDF တိုက်တွန်း
ဒီမိုကရေစီစနစ်ကို သွေဖီနေတဲ့ မျိုးနွယ်စု အခြေပြုအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ဖို့ ကြိုးပမ်းမှုကို ရှောင်ရှားရင်း ချင်းအမျိုးသားပြန်လည် တည်ဆောက်ရေးကို မျှော်တွေးကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ် (CNO/CNDF)က ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်မယ့် ချင်းအမျိုးသားနေ့ဟာ (၇၅)နှစ်မြောက်ဖြစ်ပြီး အနှစ်သာရပြည့်၀တဲ့ ချင်းအမျိုးသားနေ့ကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ပါစေဟု CNO/CNDF သဝဏ်လွှာမှာ ဖော်ပြပါတယ်။ နယ်မြေဒေသအလိုက် မျိုးနွယ်စုများကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်းဖို့ အားထုတ်ကြိုးပမ်းနေမှုများကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်လာရတယ်လို့ အသိပေးပါတယ်။

ဂျုံလာရောင်းတဲ့ တောင်သူများကို စစ်ကောင်စီတပ်က PDF ဂျုံဟုဆိုကာ ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့သို့ ဂျုံလာရောင်းတဲ့ ဒေသခံတောင်သူများအား PDFများစိုက်ပျိုးပြုလုပ်တဲ့ ဂျုံဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျပ်သိန်း ၁၀၀ ကျော်ပါ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၆ရက်က ချောင်းဦးမြို့ပေါ်ရှိ ပွဲရုံတစ်ရုံသို့ ထူးနီကျေးရွာမှ ဂျုံရောင်းလာတဲ့ ဒေသခံ တောင်သူငါးဦးကို ချောင်းဦးမြို့မရဲစခန်းမှ စစ်အုပ်စုက PDFများစိုက်ပျိုးတဲ့ ဂျုံဟုစွပ်စွဲကာ အဓမ္မဖမ်းဆီးသွားခဲ့တာပါ။ တောင်သူတွေနဲ့ အတူ ဂျုံများတင်ဆောင်လာတဲ့ကားနှစ်စီး၊ ဂျုံရောင်းရသောငွေ ကျပ်သိန်း ၁၀၀ကျော်ကိုပါ အဓမ္မသိမ်းဆည်းသွားတယ်လို့ Chaung U Revolution အဖွဲ့က ပြောပါတယ်။

