တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ လမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ယနေ့ နံနက် ၆နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ပြောက်ကျားနည်းဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါကင်းစခန်းသည် မြိတ်-တနင်္သာရီလမ်းပိုင်းတွင်တည်ရှိပြီး ခလရ (၁၀၁)စစ်သားများနှင့် ပျူစောထီးအဖွဲ့ ၂၀ခန့်ပါဝင်ကာ စုပေါင်းတပ်စွဲထားသည့် စခန်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာရခြင်းဖြစ်သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသည့် လက်နက်မှာ MA!အမျိုးအစားဖြစ်သည်။
“PDFတွေက မဟာမိတ်ပုံစံစုပေါင်းတိုက်ခိုက်ခဲ့ပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ S.W.D.Fတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း-၂၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
