မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)က ရေစကြိုမြို့နယ် ကံသစ်ကျေးရွာတောင်ဘက်သို့ စစ်ကောင်စီ၏ (၂၅၈)တပ်တွင်းမှ ခန့်မှန်းအင်အား၃၀ခန့်ဖြင့်ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် အီနာဂါနှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။
ပစ်မှတ်တိကျစွာချ၍ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိကြောင်းစုံစမ်းသိရသည်ဟု ဆိုသည်။
“ပထမတစ်လုံးက ကင်းပုန်းဝပ်နေတဲ့ တဲတည့်တည့်ကိုကျတယ်။ အဲဒီတဲထဲမှာ ၁၅ ယောက်လောက်ရှိတယ်။ ဒီကောင်တွေထိတယ်။ နောက်တစ်လုံးကတော့ ဘုရားနားမှာဒီကောင်တွေရှိတဲ့အချိန် တစ်လုံးထပ်ချတယ်။”ဟု ပကဖ တာဝန်ခံက ပြောသည်။
ထို့အပြင် စစ်ဆင်ရေးသွားရောက်ခဲ့သည့် ဒရုန်းတပ်သားများ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
