ကွတ်ခိုင်နှင့် မူဆယ်ဒေသတွင်တိုက်ပွဲပြန်ဖြစ်ပွားနေပြီးစစ်တပ်ဘက်က လေကြောင်းပစ်ကူအသုံးပြု တိုက်ခိုက်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက်က တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာလေယာဉ်တစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတစ်၀ိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များအရ သိရကြောင်း KIA သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် KIA အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ကစ၍ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာသောကြောင့် KIA တပ်ဖွဲ့မှ ခုခံရာမှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် KIA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် (၅)ရက် ရှိနေပြီဖြစ်ပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများစွာရှိနေခြင်းကြောင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
အဆိုပါဒေသအတွင်း၌ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်ဆည်းပြီး ထိုးစစ်ဆင်နေဆဲဖြစ်နေသောကြောင့် တိုက်ပွဲသည် ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
