ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ၉ရက်ကြာပြီဖြစ်ပြီး ယနေ့အချိန်ထိ အဆက် အသွယ်မရသေးဟု ကချင်အသိုင်းအဝိုင်းက ပြောသည်။
လက်ရှိ KBC အကြံပေးဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အတွင်း စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးပြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ဆိုသည်ကို ယနေ့အထိမသိရသေးဟု KBC ဓမ္မဆရာတစ်ပါးက ပြောသည်။
“အေးလေ အခုအချိန်တော့ ကျနော်တို့ အားလုံး စိတ်ပူနေကြတာ။ ဘယ်မှာဆိုတာလည်းမသိရဘူး”ဟု ၎င်းက ဆိုသည်။
ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေးအတွက် မျှော်လင့်နေကြောင်း ပြောသည်။
“ကျွန်တော်တို့က လွှတ်ပေးတာကို မျှော်လင့်တာပေါ့။ ဒါပေမဲ့လည်း သူတို့ကတော့ ဆက်ပြီး ထိန်းသိမ်းကောင်းလည်း ထိန်းသိမ်းထားနိုင်တယ်”ဟု ကချင်ဒေသခံက ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် နောက်ထပ် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားမှုရှိသည့် ကချင်များကိုဖိနှိပ်ရန် စစ်ကောင်စီက ကြိုးပမ်းခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KBCက သဘောထားထုတ်ပြန်ထားသကဲ့သို့ ပြည်တွင်း၊ပြည်ပကလည်း ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးတောင်းဆိုမှုများရှိသည်။
