စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ခုနစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ရေဦးမြို့ပေါ်မှတဆင့် ခင်ဦးမြို့နယ်ဘက်သို့ တကျော့ပြန်စစ်ကြောင်းထိုးလာခဲ့၍ ယမန်နေ့အထိ ၄ ရက်အတွင်း ကျေးရွာ ခုနစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“တိမ်းရှောင်နေရသူများထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်သည်များ၊သွေးနုသားနုမိခင်များပါသလို တောထဲနေနေရပြီး စားစရာ၊ အဝတ်အထည်များပါ အရေးပေါ်လိုအပ်လျက် ရှိပါတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် နေအိမ်များ၊ စစ်ဘေးရှောင်တဲများ မီးရှို့ရုံတင်မက ကျေးရွာများရှိ ဆန်ဆီနှင့် စားနပ်ရိက္ခာများပါ ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

“နေအိမ်တွေတင်မကဘူး စစ်ဘေးရှောင်တဲတွေကိုပါ မီးလိုက်ရှို့တာ။ လူစိတ်ကိုမရှိတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက်ကလည်း မင်းလက်ပံလှကျေးရွာ၊ ညနေပိုင်းတွင် လောင်းရှည်ကျေးရွာများအားဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်။
