ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က မင်းဘူးခရိုင်ရှိ စစ်ကောင်စီ၏ကန်ပြားရဲစခန်းအားစီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီ၏လက်နက်ကိုင်တပ်သား ၃၀ ဦးခန့်သေဆုံးထိခိုက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်သည်။
၂ဖေဖော်ဝါရီလ (၈)ရက်နေ့၊ ည၉နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ စစ်ကောင်စီ၏ကန်ပြားရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊မင်ဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သား(၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
ထိုအပြင် ရဲစခန်းအတွင်းရှိ ဘားတိုက်နှင့်နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်းအသိပေးထားသည်။
ရဲစခန်းကိုတိုက်ခိုက်စီးနင်းနေချိန်တွင်ရန်သူ့တပ်ဘက်မှ စစ်ကူအင်အားများထပ်မံရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်းက အထိအခိုက်အကျအဆုံး(လုံးဝ) မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါပေးခဲ့သည်ဟုလည်းကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားသည်။
ယခုရက်ပိုင်းအတွင်း ဒေသအနှံ့တွင် စစ်ကောင်စီ၏ တပ်စခန်းမျိုးစုံကိုတော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်နေသည်ကိုတွေ့ရသည်။
