စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ပါတ်ကြာတိုက်ပွဲဖြစ်ပွားခဲရာစစ်ကောင်စီတပ်မှဒုတပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
ကလေးဝမြို့နယ်အတွင်းတွင်ဇန်နဝါရီလ ၁၉ ရက်မှစ၍ ဖေဖော်ဝါရီလ ၂ ရက်နံနက်အထိနှစ်ပါတ်ကျော်ကြာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အထိအခိုက်များစွာဖြင့်ဆုတ်ခွာသွားကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။
” နေ့တိုင်းလိုထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဖေဖော်ဝါရီ ၁ရက်ညနေကနေစပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေ စစ်ကောင်စီတပ်ကို ညှပ်တိုက်တာ။ ဖေဖော်ဝါရီ ၂ရက်မနက်မှာတော့သူတို့(စစ်ကောင်စီတပ်ဖွဲ့ )ဆုတ်သွားတယ်။ သတင်းအရ ဒုတပ်ရင်းမှူးနဲ့ အခြားအဆင့် သုံးယောက်သေတယ်။ဒဏ်ရာရသူတွေကိုလည်း အထမ်းတွေနဲ့ သယ်သွားတာ မြင်လိုက်ရတယ်” ဟု ကလေးဝမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားသောစစ်ကောင်စီတပ်သည် ခြေလျင်တပ်ရင်း(ခလရ) ၈၉ ဖြစ်ပြီး ကလေးဝမြို့သို့ စတင်ဝင်ရောက်စဉ်က အင်အား ၇၀ခန့် ရှိကြောင်း၊ ပြန်ဆုတ်သွားချိန်တွင် အင်အား ၅၀ခန့်သာရှိတော့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။
