စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး လက်နက်နှစ်လက်နှင့်ကျည်ဆံများရဟု Zero ပြောက်ကျားတပ်ဦးဆောင်သူ ပြော
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စစ်ကောင်စီစခန်း စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး လက်နက်နှစ်လက်နှင့် ကျည်ဆံများရရှိကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇)- Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူ ကိုသက်ကြီးက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နံနက် ၁နာရီက ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစခန်းမှာ စစ်ကိုင်း – မုံရွာလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာ၌ အထိုင်ချထားကြောင်း ၎င်းက ဆိုသည်။

“အဲဒီစခန်းမှာက အင်အား ၄၀လောက်ရှိတာ။ကျွန် တော်တို့တွေ မနက် ၃နာရီမှာ သိမ်းနိုင်ခဲ့တယ်။စခန်းကို မီးရှို့လိုက်ပြီ”ဟု ကိုသက်ကြီးက ရှင်းပြသည်။
ထီးဆောင်ရွာစစ်စခန်းကို Zeroပြောက်ကျားတပ်ဖွဲ့ – တပ်ရင်း(၇)မြင်းခြံခရိုင်၊ တပ်ရင်း(၁၉) ရွှေဘိုခရိုင်၊ တပ်ရင်း(၂) စစ်ကိုင်းခရိုင်၊ တပ်ခွဲ(၂)GTR(မြင်းမူ)နှင့် တပ်ရင်း(၁)ကျောက်ဆည်ခရိုင် – နဂါးနီ(ကျောက်ဆည်)တို့ ပူးပေါင်းပြီး တပ်ရင်း(၄)ရင်း မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအဖြစ် စခန်းသိမ်းတိုက်နိုင်ခဲ့ခြင်းဟု အသိပေးသည်။

တိုက်ပွဲအတွင်း MA3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ၅•၅၆ကျည်(၁၈)တောင့်၊ Carbone တစ်လက်၊ကျည် ဘောက်(၃)ခု၊ ကာဘိုင်ကျည် (၁၀၄)တောင့်၊ 9 ball (ကိုးလုံးကျည်)(၇၆)တောင့်၊ Jummerစက် (၂)လုံး၊ ကျည်ကာအကျီ (၁)ထည်၊ စစ်ယူနီဖောင်း(၂)စုံ၊ စစ်ဖိနပ်(၃)ရံနှင့် စစ်ဦးထုပ်(၃)လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်။
