▪︎စစ်ဘေးရှောင်များကိုထိရောက်စွာထိရောက်စွာကူညီလိုပါကဒေသတွင်းအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရန် ကယန်းဒေသစစ်ရှောင်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူပြော
မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာတုန့်ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်း တောင်းခံကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ထုတ်ပြန်သည်။
အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုအထောက်အပံ့အတွက် မြန်မာပြည်သူ ၄.၅ သန်းထံ ဦးစားပေးရောက်ရှိရေးအတွက်ဒေါ်လာ ၇၆၄ သန်းကိုတောင်းခံခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာပြည်သူများသည် မကြုံစဖူး နိုင်ငံရေး၊လူမှုစီးပွားရေး၊လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအကျပ်အတည်းများကို ရင်ဆိုင်ရင်း ၂၀၂၃ ထဲသို့ ရောက်ရှိလာပြီး စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ လုံခြုံမှုနှင့် ပဋိပက္ခဖြစ်ပွားမှုများမှလည်း လိုအပ်ချက်အသစ်များဖြစ်ပေါ်လာကြောင်း OCHA က ဖော်ပြသည်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခမြင့်တက်လာမှုနှင့်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းများလျော့နည်းလာခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၂၀၂၂ အတွင်း တစ်ဟုန်ထိုးတက်လာခဲ့ပြီး ၂၀၂၃ နှစ်အစတွင် နေရပ်စွန့်ခွာသူဦးရေမှာ ၁.၅ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း OCHA ကဆိုသည်။
ထို့အပြင်မြန်မာပြည်သူများသည်စစ်အာဏာသိမ်းပြီးနောက်ပိုင်းကုန်ဈေးနှုန်းတက်ခြင်း၊ပြင်းထန်သောငွေကြေးဖောင်းပွမှု၊ လှုပ်ရှားမှုကန့်သတ်ချက်များ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
လက်ရှိတွင် ဘက်ပေါင်းစုံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နိုင်ငံတစ်ဝန်းလုံးကို သက်ရောက်မှုရှိပြီး အရပ်သားများအတွက်အကာအကွယ်ပေးရေးအန္တရာယ်များ၊ ဝန်ဆောင်မှုများလက်လှမ်းမီမှုကိုကန့်သတ်ခြင်းနှင့် စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုမိုနက်ရှိုင်းစေကြောင်း OCHA က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ ကယန်းဒေသ (ကရင်နီ)မှာစစ်ရှောင်ကပျှမ်းမျှတစ်သိန်းကျော်ရှိနေတယ်။အဲဒီမှာအရေးအကြီးဆုံးလိုအပ်ချက်က စားနပ်ရိက္ခာပဲ။နောက်လိုအပ်တာ ကျန်းမာရေးနဲ့ဆေးဝါး ပိုင်းပေါ့။အရင်ကလည်း နိုင်ငံတကာအကူအညီရှိခဲ့ဖူးတယ်ဆိုပေမယ်လို့အနည်းစုသာထောက်ပံ့နိုင်ခဲ့တယ်။တစ်ခုရှိတာလမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေပေါ့။ ဒါပမေယ်လို့ တကယ်တမ်း အကျိုးသက်ရောက်ချင်တယ်ဆိုရင် ဒေသတွင်းက စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေနဲ့ချိတ်ဆက်ပေးဖို့ နိုင်ငံတကာကူညီရေး အသင်းတွေကို တိုက်တွန်းလိုတယ်”ဟု ကယန်းဒေသစစ်ရှောင်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူ ဦးအိုက်ခင်မောင်ထွန်းကPeople’s Springသို့ ပြောသည်။
သို့သော် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှာ အကြမ်းဖက်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သည့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ ၆၄ ခုထဲတွင် ပါဝင်ကြောင်း Justice For Myanmar က ဖော်ထုတ် အစီရင်ခံသည်။
ကူလလက်အောက်ခံအဖွဲ့အစည်းများသည် စစ်ကောင်စီနှင့်ထိတွေဆက်ဆံပြီး စစ်ကောင်စီ ခွင့်ပြုသောနရာများ ၊ပြည်သူများကိုသာ ကူညီနိုင်သဖြင့် အမှန်တကယ်အကူအညီလိုအပ်နေသော စစ်ဘေးဒုက္ခသည်များကို မကူညီနိုင်ကြောင်းစစ်ဘေးရှောင် အရေးဆောင်ရွက်သူများကပြောသည်။ထိုအခြေအနေသည် စစ်ကောင်စီကို ကူညီနေသကဲ့သို့ပင်ဖြစ်ကြောင်းဝေဖန်ထောက်ပြကြသည်။
