မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ လူသားချင်းစာနာမှုဆိုင်ရာတုန့်ပြန်ရေး အကူအညီအဖြစ် သြစတြေးလျအစိုးရသည် ၂၀၂၂-၂၃ အတွက် အမေရိကန် ဒေါ်လာ ၁၃၅သန်း ပေးအပ်မည်ဟု ယနေ့ ကြေညာသည်။
သြစတြေးလျအစိုးရ၏ အကူအညီပေးအပ်မှုသည် အသက်ကယ်ဆယ်ရေး အစားအစာ၊ ရေနှင့် ယာယီနေထိုင်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ကူညီပေးမည်ဟု ဆိုသည်။
ထို့အပြင် အမျိုးသမီးများ၊ မိန်းကလေး နှင့် မသန်စွမ်းများအပါအဝင် လိုအပ်နေသူများအတွက် မရှိိမဖြစ်ကာကွယ်မှု၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ကူညီထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သည့်အရေအတွက်မှာ ၁ သန်းမှ ခန့်မှန်းခြေ ၁၄.၄ သန်းအထိ တရှိန်ထိုးမြင့်တက်လာခဲ့သည်။
သြစတြေးလျသည် အသက်ရှင်သန်ရေးအတွက် လူသားချင်းစာနာမှုအကူအညီထောက်ပံ့မှုကို မှီခိုနေရသည့် နေရပ်စွန့်ခွာရိုဟင်ဂျာ ၉၁၉,၀၀၀ ကျော်အတွက် ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ကူညီထောက်ပံ့မည်ဟု ကတိပြုသည်။
