ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ် အရှေ့ဘက်၌ စစ်ရေးပြင်းထန်နေပြီး စစ်ဘေးရှောင်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။
“နီးစပ်ရာ ရွာတွေက ကားအကူအညီတွေပါယူပြီး အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအရ တည်နေရာတော့ ပြောဖို့ မဖြစ်နိုင် သေးဘူး”ဟု ကရင်နီစစ်ဘေးရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ကရင်နီပြည်နယ်၌ မိုးဗြဲနှင့် ဖယ်ခုံမြို့မှ စစ်ဘေးရှောင် အရေအတွက် အပါအဝင် ၂၀၀,၀၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ခန့်မှာ ဒီးမော့ဆိုမြို့နယ်မှ ဖြစ်သည်။
“စကစက လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက် လာတာမျိုးလို့ပြောလို့ရတယ်။တောထဲက စစ်ရှောင်တွေကို မြို့ပေါ်တက်လာစေချင်တာ သူတို့ရည်ရွယ်ချက်ပဲ။အဓိက မကြာခင်သူတို့လုပ်မယ့် ရွေးကောက်ပွဲကို အထမြောက်စေချင်ပုံရတယ်”ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။
ယခုလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ကရင်နီပြည်နယ်၌ အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ၁၀ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိထားသည်။
