ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ သက်တမ်း အရင့်ဆုံး စာရင်းဝင် ကက်သလစ် ဘုရားကျောင်းကြီး တစ်ခုဖြစ်တဲ့”ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်းမီးရှို့ ဖျက်ဆီးခံရတဲ့အပေါ် ဝမ်းနည်းမိကြောင်း မိန့်ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ၊ချမ်းသာရွာက သက်တမ်း နှစ် ၁၀၀ ကျော်ရှည်လျားခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်းမှာ ဇန်နဝါရီ ၁၄ ရက် ညအိပ်ခဲ့ကြပြီးတော့ နောက်နေ့မနက်(ဇန်နဝါရီ ၁၅)မှာကျောင်းတော်အား မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ မြို့ရွာ အများအပြားက ပြည်သူတွေ ဒုက္ခကြုံနေရတာကို နီးနီးကပ်ကပ် ထိတွေ့ စာနာ ခံစားမိကြောင်း၊ ဒီဒုက္ခတွေ မကြာခင် အဆုံးသတ်သွားပြီး ခွင့်လွှတ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးတွေ ထုံမွှန်းတဲ့ အချိန်တစ်ခု ရောက်လာဖို့ အလေးအနက်ဆုတောင်းကြောင်းလည်း ဆိုပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက ကာဒီနယ်လ် ချားလ်စ် မောင်ဘို အပါအဝင် ဘာသာရေး ခေါင်းဆောင် တချို့ကလည်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းစွာ ဝတ်ပြုဆုတောင်းမှုကို အားလုံးအတွက် လိုအပ်တယ်လို့ ချားလ်စ်မောင်ဘိုက ဆိုပါတယ်။
ဒါပေမယ့် ကာဒီနယ်လ် ချားလ်စ် မောင်ဘို ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အလွမ်းသင့်သူဖြစ်တာကြောင့်ပြည်တွင်းမှာဝေဖန်ခံနေရပါတယ်။ချားလ်စ်မောင်ဘိုရဲ့ဇာတိရွာနဲ့နေအိမ် ကို စစ်ကောင်စီတပ်တွေကမီးရှို့ဖျက်ဆီးတဲ့အပေါ် စစ်တပ်ကို တစ်ခွန်းတစ်ပါဒမျှ မပြောရဲသလို ၊ပြီးခဲ့တဲ့ ခရစ်စမတ်နေ့မှာ အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့တော့လက်ဆောင်ပေးခဲ့သေးသူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း လူသတ်အကြမ်းဖက်မှုတွေနေစဥ်ကျူးလွန်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ခေါင်းဆောင်နဲ့ကိတ်မုန့်အတူခွဲခဲ့သေးတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေကြားမှာ ၊ပြည်သူတွေကြားမှာ အပြင်းအထန်ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရကို ဖယ်ရှား အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေသလို နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍအားလုံး ဦးစိုက်ဂျွမ်းပြန် ကျဆင်းစေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရှေးဟောင်း သမိုင်းဝင် ကက်သလစ် ဘုရားကျောင်းကြီးတစ်ကျောင်း မီးရှို့ ဖျက်ဆီးခဲ့ရတဲ့ ဖြစ်စဉ်အပြီး မှာ ပုပ်ရဟန်းမင်းကြီးက အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်ဖို့ပါ တိုက်တွန်းသွားခဲ့ပါတယ်။ ဒါပေမယ့် နေစဥ့်ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီကိုထည့်သွင်းဝေဖန်သွားတာတော့မရှိပါဘူး။
မြန်မာ၊ ပီရူးနဲ့ ယူကရိန်း နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ရှုတ်ချသွားခဲ့ပါတယ်။
ပြီးတော့ ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်း နိုင်ငံနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့ ပီရူးနိုင်ငံတွေနဲ့ ပတ်သက်လို့လည်း ဇန်နဝါရီ ၂၂ ရက်က စိန့်ပီတာရင်ပြင်၊ ဝတ်ပြုစုဝေးမှု အခမ်းအနားမှာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွတ်အခေါင် ပုဂ္ဂိုလ်ကြီးက အလေးအနက် မှတ်ချက်စကားတချို့ ပြောခဲ့ပါတယ်။
ကိုးကား-Vaticannews
