ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ်ခွဲအတွင်း တိုက်ပွဲဖြစ်ပွားနေပြီး၊လက်နက်ကြီး ပစ်ခတ်နေသောကြောင့် ဒေသခံများစစ်ဘေးတိမ်းရှောင်နေကြရကြောင်းကော့ကရိတ်ဒေသခံက ပြောသည်။
ဇန်နဝါရီ ၁၆ရက်က ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးအင်အားစုများက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ဆက်တိုက်ရမ်းသန်းပစ်ခတ်နေသည်ဟုသိရသည်။
“ကော့ကရိတ် ကျုံဒိုးဒေသဘက်တော့ နည်းနည်းလေး တိုက်ပွဲတွေ ပြင်းထန်တာပေါ့။ မနေ့က ကျုံဒိုး တောင်ကြာအင်းနဲ့ နောင်တလာကြားမှာလည်း တိုက်ပွဲ ဖြစ်တယ်ကြားတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာထက် သူတို့က လှမ်းထုနေတာ။ ဖြစ်ပုံက ကော့ဘိန်းရဲစခန်းကို ဝင်ရောက်ပြီးတော့ မီးရှို့လိုက်တဲ့အချိန်မှာ နောက်ပိုင်းမှာ သူတို့တွေ ရမ်းသန်းပစ်ခတ်မှုတွေ တအားလုပ်နေတာ” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။
ယမန်နေ့က ပစ်ခတ်မှုများအတွင်းကော့ကရိတ်မြို့နယ်ကမ်းနီရွာမှ နေအိမ်အချို့မီးလောင်ပျက်စီးမှုရှိသည်ဟုသိရသည်။
“ရဲစခန်းကိုမီးရှို့လိုက်တဲ့အနေအထားတစ်ခုအပေါ်မှာမူတည်ပြီးတော့ ဥပမာဖြင့် PDF တွေ တပ်စွဲနိုင်မယ့် နေရာလေးတွေကို လက်နက်ကြီးတွေ လှမ်းထုတာ များတယ်။ တစ်ဖက်ကလည်း ဒရုန်းနဲ့ တန်ပြန်မှုတွေလုပ်တာအနည်းကျဉ်းတော့ ရှိတယ်လို့ ကြားတယ်” ဟုကော့ကရိတ်ဒေသခံကပြောသည်။
လက်ရှိတွင် ကျုံဒိုးမြို့ပေါ်၌ စျေးဆိုင်များ ပိတ်ထားကြပြီး အချို့ မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ၎င်း ကဆိုသည်။
လွန်ခဲ့သည့် တစ်လကျော်က ကော့ကရိတ်မြို့နယ် ကော့နွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံများလည်း လက်ရှိ အချိန်ထိ နေရပ်မပြန်နိုင်သေးဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ် လက်အောက်ခံ BFGနှင့် စစ်ကောင်စီ ပူးပေါင်းတပ်က ကော့နွှဲ့ ရွာအတွင်း ဝင်ရောက်နေရာယူထားသကဲ့သို့ ဒေသခံများအား နေရပ်ပြန်ခွင့်မပြုသေးဟု ဆိုသည်။
